ထားဝယ်က တက်ကြွလှုပ်ရှားသူတစ်ဦး ထောင် ၁၄ နှစ် ချမှတ်ခံရ
တနင်္သာရီတိုင်း၊ ထားဝယ်မြို့က တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုစိုင်းမင်းသူ (ခ) ဖွိုင်ဝမ်းဟာ ပုဒ်မ လေးခုနဲ့ စွပ်စွဲခံရပြီး စစ်ကောင်စီကနေ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံလိုက်ရတယ်လို့ ထားဝယ် နိုင်ငံရေး အကျဉ်းသားများကွန်ရက်က ပြောပါတယ်။
ဇန်နဝါရီ ၃၁ ရက်က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ပုဒ်မလေးခုနဲ့ ထားဝယ် အကျဉ်းထောင်၊ ထောင်တွင်းတရားရုံးကနေ အမိန့်ချမှတ်လိုက်တာလို့ ဆိုပါတယ်။
အသက် ၄၁ နှစ်အရွယ် ကိုစိုင်းမင်းသူကို စစ်ကောင်စီက နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-က၊ ၅၀၅ - ဂ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၁ (က)၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၁/၃၄ တို့နဲ့လည်း စွပ်စွဲခံထားရလို့ အဲဒီအမှုတွေကိုလည်း ဆက်လက်ရင်ဆိုင် ရဖို့ ရှိနေတာပါ။
ကိုစိုင်းမင်းသူကို စစ်ကောင်စီတပ်တွေက ရေဖြူမြို့နယ်၊ ကနန်းတောင်ပေါ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်က ဖမ်းဆီးခံခဲ့ရပြီး လက်ရှိ ထားဝယ်အကျဉ်းထောင်မှာ ချုပ်နှောင် ခံထားရပါတယ်။
သူဟာ ကျန်းမာရေးကောင်းမွန်နေပြီး မိသားစုနဲ့လည်း တွေ့ခွင့်ရတယ်လို့ အဲဒီကွန်ရက်က RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်ကလည်း ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အထွေ ထွေ အတွင်းရေးမှူး ကိုထူးမြတ်လွင်နဲ့ 7Day News သတင်းထောက်ဟောင်း ကိုစိုင်း ကိုကိုထွန်းတို့ကို ထားဝယ် ထောင်တွင်းတရားရုံးက အလုပ်နဲ့ထောင် နှစ်နှစ်စီချမှတ် ခဲ့ပါတယ်။
နောက်ပြီး ဇန်နဝါရီ ၃၁ ရက်မှာ ထားဝယ်မြို့က ဒေါ်အေးအေးခိုင်၊ ဒေါ်မြမြစိုး၊ ဒေါ်မြမြ လွင် တို့ကို စစ်ကောင်စီကနေ PDF တွေကို ထောက်ပံ့လို့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မနှစ်ခုနဲ့ စွပ်စွဲခံရပြီး အလုပ်နဲ့ ထောင်ဒဏ် ၉ နှစ်စီ ချမှတ်ခံထားရပါတယ်။