ထားဝယ်မူလတန်းကျောင်း ပေါက်ကွဲမှု ကလေးတစ်ဦးသေဆုံး၊ ၂၅ ဦးဒဏ်ရာရ
2024.06.04
တနင်္သာရီတိုင်း ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်က မူလတန်းကျောင်းထဲမှာ ဇွန်လ ၄ ရက်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အသက် ၉ နှစ်အရွယ် တတိယတန်း ကျောင်းသားတစ်ဦးသေဆုံးပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
စာသင်ကျောင်းထဲပေါက်ကွဲမှုကြောင့် ကလေးတွေ ထိခိုက်သေဆုံးခဲ့တာလို့ ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုနိုင်မျိုးသွင်က RFA ကို ပြောပါတယ်။
"နေလယ် ၁၂ နာရီ ၂၅ မိနစ်လောက်မှာ ဖြစ်တာ၊ ဒဏ်ရာရတဲ့သူက ၂၅ ယောက်နဲ့ သေဆုံးတဲ့သူက တစ်ယောက် စုစုပေါင်း ၂၆ ယောက်ပေ့ါ၊ ဒဏ်ရာရတာက ကလေးတွေချည်းပဲ၊ လူကြီးက သူသမီးကို ထမင်းလာကျွေးတဲ့ အမျိုးသမီးတစ်ယောက်လောက်ပဲ ပါတယ်၊ ကျန်တဲ့လူတွေက ဒုတိယတန်းတို့ တတိယတန်းတို့ ကလေးတွေချည်းပဲ"
စာသင်ကျောင်းအတွင်း ကျောင်းဆောင်နှစ်ခုကြားက လူလျှောက်လမ်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရဘူးလို့လည်း ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ထိခိုက်သူတွေထဲက စိုးရိမ်ရတဲ့ လူနာသုံးဦးရှိပြီး ခွဲစိတ်ကုသမှုလုပ်ပြီးနောက်ပိုင်း စိုးရိမ်ရတဲ့အခြေအနေ မရှိတော့ဘူးလို့လည်း ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကလေးတွေကို စစ်ကောင်စီ ခုတင် ၁၀၀ ဆေးရုံနဲ့ ထားဝယ်ပြည်သူဆေးရုံတွေကို ပို့ဆောင်ပြီး ကုသပေးနေတယ်လို့လည်း ကိုနိုင်မျိုးသွင်က ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထားဝယ်မြို့ခံတစ်ဦးပြောတာကတော့ စစ်ကောင်စီက ပစ်ထားတဲ့လက်နက်ကြီးကျည် ကလေးတွေတွေ့ပြီး ဆရာမကိုပေးတဲ့အချိန်မှာ ပေါက်ကွဲတာလို့ ပြောပါတယ်။
"ဆရာ၊ ဆရာမတွေက ကျောင်းသားတွေကို မြက်ရှင်းခိုင်းချိန်မှာ သုံးတန်းကျောင်းသားတစ်ဦးက စစ်ကောင်စီပစ်ထားတဲ့ လက်နက်ကြီးကျည်ကိုတွေ့ပြီး ဆရာမကိုပေးဖို့ ယူပြီးအလာမှာ လက်နက်ကြီးက အောက်ကိုပြုတ်ကျပြီး ပေါက်ကွဲတာ၊ ၂၆ ယောက်ထိသွားတယ်၊ လက်နက်ကြီးကျည်ကောက်လာတဲ့ ကလေးက ခေါင်းပါကြေသွားတယ်"
ပြီးခဲ့တဲ့ မေလကုန်ပိုင်းက အိမ်ရှေ့ပြင်ရပ်ကွက်က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လာရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး မပေါက်ကွဲဘဲ ကျောင်းဝန်းထဲကျနေတာလို့လည်း ဆိုပါတယ်။
စစ်ကောင်စီလက်နက်ကြီး ပေါက်ကွဲတာလို့ ပြောဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF Myanmar) ရဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက် ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်ကြောင့် အရပ်သား ၁၈၈ ဦး သေဆုံးခဲ့ပါတယ်။