ကမြောကင်းလမ်းက လယ်မြေ ပြဿနာ ဖြေရှင်းပေးမယ် လို့ တိုင်းအစိုးရ ကတိပေး
2017.05.25

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကမြောကင်းလမ်းက လယ်မြေတွေပေါ်မှာ ကုမ္ပဏီက မြေဖ့ိုတာကြောင့် ကုမ္ပဏီနဲ့ လယ်သမားတွေကြားဖြစ်နေတဲ့ မြေယာပြဿနာကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖြေရှင်းပေးမယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ကတိပေးခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ လယ်သမားတစ်ဦးက ပြောပါတယ်။
ထားဝယ်ဒေသ မြေယာပြဿနာတွေနဲ့ စပ်ဆက်တဲ့ အစိုးရအဖွဲ့သတင်းစာ ရှင်းလင်းပွဲမှာ အစိုးရအဖွ့ဲဝင် ဝန်ကြီးတွေက ကတိပေးသွားတာလို့ ဒီသတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ လယ်သမား မရီရီထွေးက ပြောပါတယ်။
"သူတို့အစိုးရဘက်ကတော့ ဒီကိစ္စကို ဖြေရှင်းပေးဖို့ တိုင်ပင်မယ်ပြောတယ်၊ လက်ရှိအချိန်မှာ လုပ်ငန်းတွေ ရပ်ခိုင်းထားမယ် DDPC ကိုလည်း လုပ်ငန်းရပ်ဖို့အကြောင်းကြားထားပြီးပြီ ပြောတယ်၊ လုပ်ငန်းကို ရပ်ဆိုင်းထားပြီး သူတို့ဖြေရှင်းဖို့အတွက်စာကို အစိုးရအဖွဲ့တင်ပြမယ်ပြောတယ်၊ အားလုံးတိုင်ပင်ပြီးတော့မှ ဒီကိစ္စကို အားလုံးပြန်ဖြေရှင်းမယ်ပြောတယ်"
ပြီးခဲ့တဲ့ရက်ပိုင်းက ထားဝယ်မြို့ ကမြောကင်းလမ်းမှာရှိတဲ့ လျော်ကြေးမယူရသေးတဲ့ လယ်မြေ ၄ ဧကမှာ ထားဝယ်အများပိုင်ကုမ္ပဏီ DDPC က ရဲတပ်ဖွဲ့ဝင်အင်အား ၇ဝ လောက်နဲ့ ကုမ္ပဏီမြေသယ်ကား အစီး ၂ဝ ကျော်က လာရောက်မြေဖို့နေတဲ့အတွက် မူလပိုင်လယ်သမားတွေနဲ့ ပြဿနာဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
လယ်သမားတွေက တားဆီးတာတွေ ပြုလုပ်တာကြောင့် လယ်သမား ၇ ဦးကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီး မှုတွေနဲ့ ကုမ္ပဏီက တရားစွဲဆိုထားပြီး လက်ရှိမှာ ကိုယ်တိုင်ခံဝန်နဲ့ ပြန်လွှတ်ပေးထားပါတယ်။
အဲဒီမြေနေရာဟာ ထားဝယ်မြို့ပြစီမံကိန်းဧရိယာ မြေဧက ၃၅ဝ အတွင်းမှာ ပါဝင်နေတဲ့ မြေဖြစ်ပြီး အများပိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ DDPC က ပုဂ္ဂလိကကျောင်း ဆောက်လုပ်ဖို့အတွက် မြေဖို့ရာကနေ လယ်သမားတွေနဲ့ ပြဿနာဖြစ်ပွားတာဖြစ်ပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲကို ဒီနေ့ ထားဝယ်မြို့တော်ခန်းမမှာ ပြုလုပ်တာဖြစ်ပြီး တိုင်းအစိုးရအဖွဲ့က စီမံကိန်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ တိုင်းဒေသကြီး အတွင်းရေးမှူး ဦးကောင်းစံဦး၊ကုမ္ပဏီဘက်က တာဝန်ရှိသူတွေနဲ့ ရာနဲ့ချီတဲ့ လယ်သမားတွေ တတ်ရောက်ခဲ့ ပါတယ်။