လယ်သမား ၇ ဦးကို အာမခံနဲ့ လွှတ်ပေး


2017.08.03
dawei-land-622.jpg တနသာၤရီတိုင်းဒေသကြီး ထားဝယ်မြို့ ကမြောကင်းလမ်းက မြို့ပြစီမံကိန်းဧရိယာမှာ DDPC ကုမ္ပဏီက ပုဂ္ဂလိကကျောင်း ဆောက်လုပ်ဖို့အတွက် မြေဖို့နေတာကို တွေ့ရစဉ်
Photo: Moe Thu Aung

တနသာၤရီတိုင်းဒေသကြီး ထားဝယ်မြို့သစ်စီမံကိန်းအတွင်းပါဝင်ပြီး လျှော်ကြေးမပေးရသေးတဲ့ လယ်ယာမြေ ၅ ဧကကို ကုမ္ပဏီက လာရောက်မြေဖို့စဉ်တားဆီးခဲ့တဲ့ လယ်သမား ၇ ဦးကို အမှုအဟောင်းနဲ့ ဒီနေ့ထပ်မံ ဖမ်းဆီး လိုက်ပါတယ်။

ဒီနေ့မနက်က လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ထားဝယ်မြို့နယ်တရားရုံးမှာ ရုံးတင်စစ်ဆေးပြီးနောက်မှာ ကိုယ်တိုင် ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဖမ်းဆီးခံရသူတစ်ဦးဖြစ်တဲ့ ထားဝယ်ခရိုင် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ရီထွေးက ပြောပါတယ်။

"ထားဝယ်မြို့နယ်ရဲစခန်းကို မနက်စောစောခေါ်သွားတယ် အဲဒီကနေ တရားရုံးတင်တယ်၊ စစ်တာကတော့ အရင်တုန်းက စစ်ပြီးသွားပြီ၊ အဲဒီအမှုတွေကို ကျမတို့ကို ပထမတစ်ခါဖမ်းတုန်းက ရဲစခန်းကနေ ကိုယ်တိုင်အာမခံနဲ့ ထွက်လာတယ်၊ ပြီးတော့ စခန်းက တရားရုံးဘယ်နေ့လာဆိုပြီး ပြောတယ်။ ကျမတို့ မသွားဘူး။ အခုရဲက တရားရုံးတင်တယ် တရားရုံးက အာမခံယူဖို့ပြောတယ်၊ ကိုယ်တိုင်အာမခံပေါ့နော် ထွက်မပြေးပါဘူးဆိုတဲ့ ကိုယ်တိုင်အာမခံရရင်ယူမယ်ဆိုပြီးတော့ ကျမတို့ လက်မှတ်ထိုးပြီး ထွက်လာခဲ့တာ"

ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့က စီမံကိန်းထဲပါဝင်ပြီး လျှော်ကြေးမရရှိသေးတဲ့ လယ်မြေ ၅ ဧကကို ကိုယ်ပိုင်အထက် တန်းကျောင်း ဆောက်လုပ်ဖို့ မြေတွေလာရောက်ဖို့တာကို လယ်သမား ၇ ဦးက တားဆီးခဲ့ပါတယ်။ သူတို့ကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်စီးမှုတွေနဲ့ မေလ ၁၄ ရက်နေ့မှာ ထားဝယ်မြို့ရဲစခန်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ် ထပ်မံဖမ်းဆီးတာဖြစ်ပါတယ်။

အဲဒီလယ်ယာမြေ ၅ ဧကကိုပဲ မနေ့က လုပ်ငန်းလာရောက်လုပ်ကိုင်နေတဲ့အတွက် လယ်သမားတွေက ထပ်မံတားဆီးခဲ့ကြတာကြောင့် ဒီမနက်မှာ အမှုဟောင်းနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ထားဝယ်မြို့သစ် စီမံကိန်းမှာ လယ်ယာမြေ ဧက ၃၅ဝ ပါဝင်ပြီး အဲဒီမြေနေရာတွေမှာ လက်ရှိအဆောက်အဦး မဆောက်ရသေးတဲ့မြေတွေကို လယ်သမားတွေကို တရားဝင်ပြန်ပေးဖို့၊ ဆောက်လုပ်ပြီးသားမြေတွေကို လျော်ကြေး၊ နစ်နာကြေးပေးဖို့နဲ့ ဒီအချက်နှစ်ချက်မလုပ်ခင်မှာ လုပ်ငန်းလုပ်တာတွေ ရပ်ထားဖို့အချက် ၃ ချက်ကို လယ်သမားတွေ က တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။