ထားဝယ်မှာ လယ်သမား ၇ ဦး အမှုဖွင့်ခံရ
2017.05.14

တနသာၤရီတိုင်းဒေသကြီး ထားဝယ်မြို့ ကမြောကင်းလမ်းက မြို့ပြစီမံကိန်းဧရိယာမှာပါဝင်ပြီး လျော်ကြေး မပေးရသေးတဲ့ လယ်ယာမြေ ၄ ဧကမှာ ကုမ္ပဏီက မြေလာဖို့နေတာကို တားဆီးခဲ့တဲ့ လယ်သမား ၇ ဦးကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတွေနဲ့ ကုမ္ပဏီက အမှုဖွင့်ပြီး ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးခဲ့ပါတယ်။
မနေ့ညကဖမ်းဆီးခံရပြီး ၇ ယောက်စလုံးကို ကိုယ်တိုင်ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဖမ်းဆီးခံခဲ့ရတဲ့ မရီထွေးက ပြောပါတယ်။
"မနေ့က ကျမကိုယ်တိုင်ပါတယ် ဖမ်းဆီးခံရပြီး ညမှာ ကိုယ်ပိုင်ခံဝန်နဲ့ ပြန်လွှတ်ပေးတယ်၊ သူတို့တွေက ကားတွေနဲ့သွန်တော့ ခဲတွေနဲ့ပေါက်တာပေါ့၊ ဘာလို့လဲဆိုတော့ ကျမဆီကို ကားကလာတော့ နင်တို့ အဲလိုလုပ်ရလားဆိုပြီး ခဲနဲ့ပေါက်တာပေါ့၊ အဲဒါကို ပုဒ်မ ၄၄၇ ၊ ၄၂၇ နဲ့ ကုမ္ပဏီဘက်က ဖွင့်တာပေါ့"
သူတို့လယ်ယာမြေတွေကို ဘယ်အချိန်က သိမ်းဆည်းလိုက်တယ်ဆိုတာ မသိရသလို လျှော်ကြေးတစ်စုံတရာလည်း မပေးဘဲ ကုမ္ပဏီပိုင်မြေဆိုပြီး မြေတွေလာဖို့နေတာကို တားဆီးတဲ့အတွက် အခုလို အမှုဖွင့်အရေးယူခံရတာလို့ လယ်ပိုင်ရှင် မရီထွေးက ပြောပါတယ်။
ဒီနေ့မှာလည်း ရဲတပ်ဖွဲ့ဝင်အင်အား ၇ဝ လောက်နဲ့ ကုမ္ပဏီမြေသယ်ကား အစီး ၂ဝ ကျော်က လာရောက်မြေဖို့နေ တဲ့အတွက် တားဆီးတာတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
အဲဒီမြေနေရာဟာ ထားဝယ်မြို့ပြစီမံကိန်းဧရိယာ မြေဧက ၃၅ဝ အတွင်းမှာ ပါဝင်နေတဲ့ မြေဖြစ်ပြီးတော့ အများပိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ DDPC က ပုဂ္ဂလိကကျောင်း ဆောက်လုပ်ဖို့အတွက် မြေဖို့နေတာဖြစ်ပါတယ်။
အဲဒီမြေနေရာကို ၂ဝ၁ဝ ခုနှစ်က အရပ်စာချုပ်နဲ့ဝယ်ယူခဲ့တာဖြစ်ပြီး လယ်ယာမြေအဖြစ် စပါးနှစ်စဉ်စိုက်ပျိုးနေပြီး အခွန်ပြေစာတွေလည်းရှိတယ်လို့ မရီထွေးက ပြောပါတယ်။