ထားဝယ်မှာ လယ်သမား ၁၀ ဦးကို ထောင်ဒဏ်တွေ ချမှတ်


2014.07.16
dawei-farmers-jail-305 တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်တရားရုံးမှာ ဇူလိုင် လ ၁၆ ရက်နေ့က ထောင်ဒဏ်ချမှတ်ခံရတဲ့ လယ်သမား တချို့ကို တွေ့ရစဉ်
Photo: Mar Lar Kyawthein Facebook

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှာ ဝတ္တရားနှောင့်ယှက်မှု၊ သက်သေခံပစ္စည်းဖျောက်ဖျက်မှု၊ ဆဲဆိုမှုပုဒ်မတွေနဲ့ တရားစွဲခံထားရသူ လယ်သမား ၁၉ ဦးထဲက အမျိုးသား ၁၀ ဦးကို ဒီနေ့ ထားဝယ်မြို့နယ် တရားရုံးက ထောင်ဒဏ်နဲ့ အမျိုးသမီး ၉ ဦးကို ငွေ ဒဏ်တွေ အသီးသီးချမှတ်ခဲ့ပါတယ်။

တရားရုံးက ပြစ်ဒဏ်တွေ ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ငွေဒဏ်တစ်သောင်းပေးဆောင်ခဲ့တဲ့ မရွှေဇင်ယုက အခုလိုပြောပါတယ်။

"တရားစွဲတဲ့အထဲမှာ ယောကျ်ား ၁ဝ ယောက် ကို ထောင်ချလိုက်တယ်၊ မိန်းမ ၉ ယောက် ကို ငွေဒဏ်နဲ့ လွှတ်ပေးတယ်၊ အဲဒီအထဲမှာ ကိုကြူလွင် တစ်ယောက်ကတော့ ပုဒ်မ ၃ ခုနဲ့ရှင့်၊ ၉ လနဲ့ ၁၅ ရက် တစ်ယောက်ရယ်၊ ၆ လတစ်ယောက်ရယ်၊ ကျန်တဲ့ ၈ ယောက်ကတော့ ၃ လရှင့်၊ မိန်းကလေး ၉ ယောက် က ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ် ၁ သောင်းကို ကြိုက်တာရွေးပေါ့နော်၊ ကျမတို့ ငွေဒဏ်ပဲဆောင်လိုက်တယ်"

အမျိုးသား ၁၀ဦးထဲက ၁ ဦးဟာ ဝတ္တရားနှောင့်ယှက်မှု၊ သက်သေခံပစ္စည်းဖျောက်ဖျက်မှု၊ ဆဲဆိုမှုပုဒ်မ ၃ ခုနဲ့ ထောင် ဒဏ် ၉ လနဲ့ ၁၅ရက် ချမှတ်ခံရပြီး၊ ဆဲဆိုမှု၊ ဝတ္တရားနှောက်ယှက်မှု ပုဒ်မ ၂ ခုနဲ့ ထောင်ဒဏ် ၆လ ချမှတ်ခံရသူ ၁ ဦး၊ ကျန်တဲ့ ၈ ဦးကိုတော့ ဝတ္တရားနှောင့်ယှက်မှု ပုဒ်မနဲ့ ထောင်ဒဏ် ၃ လစီ ချမှတ်ခဲ့ပြီး အမျိုးသမီး ၉ ဦးကို ငွေဒဏ် တစ်သောင်းစီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က ထားဝယ်မြို့သစ်စီမံကိန်းအတွက် တိုင်းဒေသကြီးအစိုးရက သိမ်းထားတဲ့ လယ်ယာမြေတွေထဲက လျော်ကြေးမယူထားတဲ့ လယ်သမား ၂၀ ပိုင်ဆိုင်တဲ့ လယ်မြေတွေပေါ်မှာ ခရိုင်အုပ်ချုပ်ရေးမှူးတို့အဖွဲ့က မြေကွက်ဖော်ဆောင်တာကို လယ်သမားတွေက တားဆီးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလိုတားဆီးခဲ့တဲ့ လယ်သမားတွေက ၁၉ ဦးကို ထားဝယ်ခရိုင် ဒုအုပ်ချုပ်ရေးမှူးက တရားစွဲခဲ့တာဖြစ်ပါတယ်။

ထားဝယ်မြို့သစ် စီမံကိန်းအတွက် တိုင်းဒေသကြီးအစိုးရက လယ်ယာမြေ ဧက ၅၀၀ ကျော်ကို သိမ်းဆည်းထားတာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။