ထားဝယ်ထောင်က နိုင်ငံရေးအကျဉ်းသားနှစ်ဦး သတ်ဖြတ်ခံရ
2024.04.04

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားနှစ်ဦး ထောင်ပြင်ခေါ်ထုတ် သတ်ဖြတ်ခံလိုက်ရတယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများအရေး အကူအညီပေးနေသူတွေက RFA ကို ဧပြီလ ၄ ရက်နေ့မှာ ပြောပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ အသက် ၂၅ နှစ်အရွယ် ကိုမင်းသူနဲ့ အသက် ၃၅ နှစ်အရွယ် ကိုဝင်းသီဟတို့ဖြစ်ပြီး မတ်လ ၁၇ ရက်ညမှာ ထားဝယ်အကျဉ်းထောင်ကနေ စစ်ကားနှစ်စီးနဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)က လာရောက် ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
အဲဒီနောက် မတ်လ နောက်ဆုံးအပတ်မှာ ထောင်ဝင်စာပို့ဖို့ သွားတဲ့ မိသားစုဝင်တွေကို အကျဉ်းထောင် တာဝန်ရှိသူတွေက သေဆုံးကြောင်းပြောခဲ့တယ်လို့ ထားဝယ်အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထားဝယ်ခရိုင် နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN) တာဝန်ရှိသူတစ်ဦးကတော့ ကိုဝင်းသီဟအတွက် ထောင်စာသွားပို့တဲ့အခါမှ သေဆုံးကြောင်းသိရတာလို့ RFA ကို ပြောပါတယ်။
“ကိုမင်းသူနဲ့ ကိုဝင်းသီဟ တို့ကို စရဖက ခေါင်းစွပ်အနက်တွေစွပ်ပြီး ထောင်ပြင်ထုတ်သွားတာ။ အဲဒီမတိုင်ခင် အကျဉ်းထောင်ထဲမှာ ရှာဖွေရေးတွေ အကြီးအကျယ်လုပ်တယ်။ လုပ်ပြီးတော့ တားမြစ် ဆက်စပ်ပစ္စည်းတွေ တွေ့လို့ဆိုပြီး အပြင်ခေါ်ထုတ်သွားပြီးမှ အသတ်ခံလိုက်ရတာ”
သေဆုံးခဲ့တဲ့ ကိုမင်းသူဟာ အစ္စလာမ်ဘာသာရေး ဆရာတစ်ဦးဖြစ်ပြီး မော်လဝီရှက်မင်း လို့ ထားဝယ်ဒေသခံ တွေက သိကြပါတယ်။ သူဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ ထောင်ဆယ်နှစ် ကျခံနေရသူပါ။
ကိုဝင်းသီဟကတော့ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၁ (ဂ)နဲ့ ထောင်ဒဏ် ခုနစ်နှစ်ချမှတ်ခံထားရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့အထိ ထားဝယ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၂၁၇ ဦး ထောင်ဒဏ်ကျခံနေရပါတယ်။