ထားဝယ်ထောင်တွင်း တရားရုံးကနေ အမိန့်ချခံရသူ ၁၇၀ ကျော်ရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ထောင်တွင်း တရားရုံးကနေ ဖေဖော်ဝါရီ ၈ ရက် ဒီနေ့အထိ ပုဒ်မ အမျိုးမျိုးနဲ့ စွပ်စွဲခံရပြီး အမိန့်ချခံရသူပေါင်း ၁၇၂ ယောက်ရှိပြီလို့ ထားဝယ် နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်က ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်အတွင်း ထားဝယ်ထောင်တွင်း တရားရုံးကနေ အမိန့်ချ ခံလိုက်ရသူတွေကို စာရင်းပြုစုထားတာလို့ ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"အမျိုးသမီး ၂၆ ယောက်နဲ့ အမျိုးသား ၁၄၆ ယောက်တို့ အမိန့်ချခံရတာ ဟုတ်ပါတယ်ဗျ။ နောက်ဆုံးရ အမိန့်ချ စာရင်းပါ။ အမျိုးသားတွေထဲက ကိုညီညီထွေး အပါအဝင်ဆို ၁၄၅ ပါ။ နောက်တစ်ယောက် ထပ်တင်ရင် ၁၄၆ ဖြစ်ပါမယ်"
ထားဝယ်မြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ခေါင်းဆောင် ကိုထွန်းဦးဟာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက် အထိ ပုဒ်မပေါင်း (၇) ခုနဲ့စွပ်စွဲခံရပြီး ထောင်ဒဏ် ၂၆ နှစ်အထိ အများဆုံးချမှတ်ခံထားရသလို ရင်ဆိုင်နေရဆဲ အမှုတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်က တက်ကြွလှုပ်ရှားသူ ကိုစိုင်းမင်းသူ (ခ) ဖွိုင်ဝမ်းဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ပုဒ်မလေးခုနဲ့ စွပ်စွဲခံရပြီး စစ်ကောင်စီက ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံထားရသလို အဲဒီနေ့မှာပဲ ဒေါ်အေးအေးခိုင်၊ ဒေါ်မြမြစိုး၊ ဒေါ်မြမြလွင်တို့လည်း စစ်ကောင်စီက PDF တွေကို ထောက်ပံ့လို့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မနှစ်ခုနဲ့ စွပ်စွဲခံရပြီး အလုပ်နဲ့ ထောင်ဒဏ် ၉ နှစ်စီ ချမှတ်ခံထားရပါတယ်။