ထားဝယ်ပညာရေးကောလိပ်က ကျောင်းသားတွေ ပညာသင်ကြားခွင့်ရရှိရေး တောင်းဆို
2018.09.12

ပညာရေးကောလိပ် ကျောင်းသားတွေဟာ ပညာဆက်လက်သင်ယူခွင့်ရရှိရေးနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက အခက်အခဲတွေ ဖြေရှင်းပေးဖို့ ထားဝယ်ပညာရေးကောလိပ်က ကျောင်းသား ၁၀၀ ကျော်က ဒီနေ့ ဆန္ဒပြတောင်း ဆိုကြပါတယ်။
ဒီနေ့ ထားဝယ်မြို့ ပညာရေးကောလိပ်မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပြီး ပညာရေးကောလိပ် ကျောင်းသားတွေ ပညာသင်ကြားခွင့်အခက်အခဲဖြစ်နေတာကို တွေ့ဆုံညှိနှိုင်းပေးဖို့ တောင်းဆိုဆန္ဒပြတာလို့ ထားဝယ်ပညာရေးကော လိပ် ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဋ္ဌ ကိုဝေယံစိုးက ပြောပါတယ်။
"ကျနော်တို့ ပညာရေးကောလိပ်ကနေ ဘွဲ့ပေးဖို့ အဲဒီအတွက် သူတို့ကပြောတယ်ဗျ၊ ဒီကရီကောလိပ်ဖြစ်ဖို့ လိုနေတယ်လို့ အဲဒီ ဒီကရီကောလိပ် မဖြစ်ခင်စပ်ကြားမှာ ကျနော်တို့အတွက် ပညာသင်ကြားခွင့်က မရှိဘူးဖြစ်နေတယ်၊ အဝေးသင်မှာ ပထမနှစ်ကနေ စတတ်ရတယ်၊ အဲအတွက် အချိန်တွေအများကြီး ကုန်ဆုံးတယ်ဗျာ၊ ကျနော်တို့အတွက် အဝေးသင်ရောက်တဲ့အချိန်မှာ တတိယနှစ်တတ်ပေးဖို့ အဲဒါကိုတောင်း ဆိုတာ၊ ဝန်ကြီးဌာနအနေနဲ့ တွေဆုံညှိနှိုင်းပေးဖို့ တောင်းဆိုတာပါ"
မြန်မာတစ်နိုင်ငံလုံးမှာ ထားဝယ်ပညာရေးကောလိပ်၊ မော်လမြိုင် ပညာရေးကောလိပ်၊ဘားအံ ပညာရေးကောလိပ်၊ မြစ်ကြီးနား ပညာရေးကောလိပ်စတဲ့ ပညာရေးကောလိပ် ၁၄ ကျောင်းနဲ့ ပညာရေးတက္ကသိုလ် ၂ ကျောင်းရှိပါတယ်။
ဒီပညာရေးကောလိပ်က ကျောင်းသားတွေက ကောလိပ်မှာ ၂ နှစ်တတ်ပြီးရင် ဒီပလိုမာသာရရှိပြီး ဘွဲ့မရသေးဘဲ မူလတန်းပြရာထူးတွေနဲ့ အလုပ်ခွင့်ဝင်ရပြီး ရာထူးတိုးဖို့အတွက် အခက်အခဲတွေဖြစ်နေပါတယ်။
ဘွဲ့တစ်ခုခုယူချင်တယ်ဆိုရင် အဝေးသင်တက္ကသိုလ်မှာ ပထမနှစ်ကနေ စတတ်ရတာကြောင့် အချိန်တွေကုန်နေ တာကြောင့် အဝေးသင်တက္ကသိုလ်မှာ တတိယနှစ်ကနေ ပညာသင်ခွင့်ပေးဖို့၊ ဘာသာရပ်တွေကိုလည်း လွတ်လပ်စွာရွေးချယ်ခွင့်ပေးဖို့ စတဲ့အချက်တွေကို တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့တစ်ပတ် တနင်္လာနေ့ကတည်းက ပညာရေးဝန်ကြီးဌာနက တောင်းဆိုချက်တွေပို့ထားပြီး မနေ့ကလည်း တောင်ငူနဲ့ မုံရွာတွေမှာရှိတဲ့ ပညာရေးကောလိပ်ကကျောင်းသားတွေ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။