ထားဝယ်စီမံကိန်း နစ်နာသူများအရေး ထိုင်းအစိုးရထံ တင်ပြမည်
2013.06.09
တနင်္သာရီတိုင်း ထားဝယ်ရေနက်ဆိပ်ကမ်းဧရိယာမှာ စီမံကိန်းကြောင့် နစ်နာရမှုတွေကို ထိုင်းအစိုးရထံ တင်ပြသွားမယ့်အကြောင်း ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ က ဒီနေ့ တွေ့ဆုံစဉ် ကတိပေးပြောကြားလိုက်ပါတယ်။
ထိုင်းလူမှုရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ဆူလတ် ဆီဝါရတ် (Sulak Sivaraksa) နဲ့အတူ ထားဝယ်ဒေသကို ရောက်ရှိလာတဲ့ ထိုင်းအစိုးရ လူ့အခွင့်ရေးကော်မရှင် ဥက္ကဋ္ဌ အမရာ ပေါင်ဆာပစ် (Amara Pongsapich)က ဒေသခံတွေနဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောလိုက်တာဖြစ်ပါတယ်။
ထားဝယ်ဆိပ်ကမ်း စီမံကိန်းဒေသ နဘုလယ်နဲ့ ကလုံးထာကျေးရွာတွေမှာ ဒေသခံတွေနဲ့ တွေ့ဆုံပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
“ထိုင်းလူ့အခွင့်အရေးကော်မရှင်က သူတို့ အကြိုလာရောက်စစ်ဆေးတာဖြစ်တယ်၊ အဲဒါကို အသေးစိတ်စစ်ဆေးတာတွေ ထိုင်းအစိုးရနဲ့ ထိုင်းကုမ္ပတွေကိုရော ခေါ်ယူမေးမြန်းတာတွေ တရားဝင်စစ်ဆေးမှုတွေကို ဆက်ပြီးလုပ်သွားမယ်ဆိုတဲ့အကြောင်းကို ကတိပြုသွားတယ်”
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာမှာ စီမံကိန်းဆောက်လုပ်ဖို့အတွက် ရွှေ့ပြောင်းခံရတဲ့ ကျေးရွာတွေအကြောင်းနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးတဲ့အကြောင်းတွေကို ဒေသခံတွေဖက်က တင်ပြခဲ့ကြပါတယ်။
ဒါ့အပြင် ထိုင်းလူမှုရေးခေါင်းဆောင် ဆူလတ်ဆီရာဝတ်ဟာ မနက်ဖြန် ထားဝယ်မြို့မှာကျင်းပမယ့် ဆွေးနွေးပွဲတစ်ခုမှာ ဟောပြောဖို့ရှိတယ်လို့ သိရပါတယ်။