ထားဝယ်တက္ကသိုလ် ၃ ခု ကျောင်းသားသမဂ္ဂဖွဲ့
2012.07.08
ထားဝယ် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် နဲ့ ကွန်ပြူတာတက္ကသိုလ်က ကျောင်းသူ ကျောင်းသား ၇၀ ခန့် တက်ရောက်တယ်လို့ အတွင်းရေးမှူး ဖြစ်တဲ့ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်က ရူပဗေဒ ကျောင်းသား ကိုဇေယျာမင်းက အာအက်ဖ်အေကို ပြောပါတယ်။
“အခုကတော့ ဗကသများ အဖွဲ့ချုပ်ဆိုပီး တခါတည်း ဖွဲ့လိုက်တာ။ ပထမတော့ သမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ ဆိုပြီး စလုပ်တယ်။ ကျနော် ရန်ကုန်သွားပီး ပြန်ဆင်းလာတော့ ဗကသများ အဖွဲ့ချုပ် ထားဝယ်ခရိုင်ဆိုပြီး တခါတည်း တန်းဖွဲ့လိုက်တာ။ ကျနော်တို့ ထားဝယ်ကို ကိုမင်းကိုနိုင်တို့ ရောက်လာတယ်။ ကိုမင်းကိုနိုင်တို့ ကိုပြုံးချိုတို့က ကျနော့်ကို ပြောတယ်။ ထားဝယ်မှာ ကျောင်းသားသမဂ္ဂ တခု ဖွဲ့ဖို့အတွက် ပြောပြီးတော့ အဲ့နောက်မှာ ကျနော် ကျောင်းသားတွေခေါ်ပြီးနဲ့ ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီဆိုပြီး ပထမဆုံး စဖွဲ့တယ်။ တလလောက် ကြာသွားပြီပေါ့နော်။ အဲ့ဒီနောက် ကျနော် ရန်ကုန်သွားတယ်။ ကိုကျော်ကိုကိုနဲ့ ဆက်သွယ်တယ်။ ကိုကျော်ကိုကိုက မူကြမ်းတွေ ပေးပြီးတော့ ဒီနေ့ပဲ ကျနော်တို့ ဒီမှာ ဖွဲ့လိုက်တာ။”
ဗကသများ အဖွဲ့ချုပ် (ထားဝယ်ခရိုင်) ကို ကော်မတီဝင် ၃၀ ဦးခန့်နဲ့ ဖွဲ့စည်းခဲ့တယ်လို့ ကိုဇေယျာမင်းက ပြောပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသများ အဖွဲ့ချုပ်) ရဲ့ မူ ၅ ချက်ပေါ် အခြေခံပြီး ဒီမိုကရေစီ ပညာရေး ကျောင်းသားထု အခွင့်အရေး ကာကွယ်ရေး နဲ့ ငြိမ်းချမ်းရေး အတွက် ရည်ရွယ် လုပ်ဆောင်မယ်လို့ ကိုဇေယျာမင်းက ပြောဆိုပါတယ်။