အဖမ်းခံထားရတဲ့ ထားဝယ်တက္ကသိုလ်ကျောင်းသူ ပြန်လွတ်လာ
စစ်ကောင်စီတပ်တွေက ဖမ်းဆီးထားတဲ့ ထားဝယ်တက္ကသိုလ် ကျောင်းသူ မဆုမြတ်မွန်ဟာ နိုဝင်ဘာ ၁၄ ရက်နေ့ ဒီနေ့နေ့လယ်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာပြီလို့ ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ထားဝယ်မြို့ ထိန်ဟောင်းရပ်ကွက်ဆန္ဒပြပွဲမှာ မဆုမြတ်မွန် ပါဝင်တယ်လို့ စွပ်စွဲခံရပြီး နိုဝင်ဘာ ၁၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
မဆုမြတ်မွန်ဟာ ထားဝယ်တက္ကသိုလ် အရှေ့တိုင်းပညာဌာန ပထမနှစ်ကျောင်းသူဖြစ်ပြီး ထားဝယ်မြို့ပေါ်က အဒေါ်ဖြစ်သူရဲ့နေအိမ်ကို ပြန်လည်ရောက်ရှိနေပြီလို့ ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့က ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ကနေ့လည်း ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဒုတိယ ဥက္ကဋ္ဌ မသီရိမိုးရဲ့ မိခင်နဲ့ ညီမဖြစ်သူတို့လည်း ဖမ်းဆီးခံခဲ့ရပါတယ်။
ဒါ့အပြင် စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ရန်ကုန်မြို့က ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒု-ဥက္ကဋ္ဌဟောင်း ကိုမင်းသုခကျော်နဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော် တို့ကို စစ်ကောင်စီရဲ့ မြောက်ဥက္ကလာပ စစ်ခုံရုံးက ထောင် ၁၀ နှစ်စီ ချမှတ်ခဲ့ကြပါတယ်။