ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ပါတီမရွေးကူညီမယ် လို့ ဒေါ်အောင်ဆန်းစုကြည်ပြော


2015.04.27
dassk-kawmu-305.jpg ကော့မှူးမြို့နယ်မှာ ဧပြီလ ၂၇ ရက်နေ့က ဒေါ်အောင်ဆန်း စုကြည်နဲ့ ဒေသခံတွေ တွေ့ဆုံကြစဉ်
Photo: Kyaw Zaw Win, Kyaw Lwin Oo/RFA

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်မှာ တည်ထောင် ထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဟာ ဘယ်ပါတီဝင် ကိုမဆို အကူအညီပေးမှာဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ မသက်ဆိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး မှာ ဒေသခံတွေနဲ့ ဒီကနေ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင် ဆန်းစုကြည်က အခုလိုပြောကြားခဲ့တာပါ။

"ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ NLD လုံးဝမတူပါဘူး ဆိုတာ ကျမပြတ်ပြတ်သားသားပြောပါရစေ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ပြည်သူတွေကိုကူတဲ့ အခါမှာ ဘယ်ပါတီဝင်ဆိုတာ ကျမတို့ကြည့်တာ မဟုတ်ဘူး၊ ဒါနဲ့ဘာမှမဆိုင်ဘူး၊ ပြည်သူတွေအတွက် အထောက်အကူဖြစ်မယ့် ကျမတို့နိုင်ငံ တိုးတက်ရေးအတွက် အထောက်အကူဖြစ်မယ့်လုပ်ငန်းတွေကိစ္စတွေ ကျမတို့အကောင်အထည်ဖော်တာ"

ဒါ့အပြင် ဒေသခံတွေတင်ပြကြတဲ့ ရေရှားပါးမှုပြဿနာနဲ့ လယ်ယာမြေ သိမ်းဆည်းခံရမှု ပြဿနာတွေကို ဒေါ်အောင်ဆန်း စုကြည်က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ တွေ့ဆုံရာမှာ ဆွေးနွေးပြောဆိုခဲ့ပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဧပြီလမှာ ဖွဲ့စည်းထူထောင်ခဲ့တာဖြစ်ပြီး အဲဒီဖောင်ဒေးရှင်းက လူငယ်တွေ ဟိုတယ်လုပ်ငန်းစီမံခန့်ခွဲမှု အတတ်ပညာ၊ ရွေ့လျားစာကြည့်တိုက်နဲ့ ပညာရေးလုပ်ငန်းတွေကို အဓိကထား ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

ကော့မှူးမြို့မှာ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ ပြောကြားချက်တွေကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။