ဒေါ်ခင်ဝင်းအမှု တရားလွှတ်တော်ချုပ် ပယ်ချ


2018.01.13
dawkhinwin-622 ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က လိပ်ခွံတောင်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတဲ့ ဒေါ်ခင်ဝင်း ဈာပနမှာ လွမ်းသူ့ ပန်းခွေတွေကို တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

၂၀၁၄ ခုနှစ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ဒေသခံတွေ၊ ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေအကြား ဖြစ်ပွားခဲ့တဲ့ပဋိပက္ခမှာ ရဲတပ်ဖွဲ့ကပစ်ခတ်တာကြောင့် ဦးခေါင်းကို သေနတ်ထိမှန်ပြီး သေဆုံး ခဲ့ဲ့ ဒေါ်ခင်ဝင်းအမှုကို ဆက်လက်စုံစမ်းစစ်ဆေးပေးဖို့ ရှေ့နေများကွန်ရက်က ပြည်ထောင်စုတရား လွှတ်တော်ချုပ် ကို တင်ထားတဲ့စာချွန်လွှာကို ပယ်ချလိုက်ပါတယ်။

ရဲကအမှုပိတ်သိမ်းခဲ့တာကို မှန်သယောင်အကြောင်းပြချက်နဲ့ ပယ်ချခဲ့တာလို့သိရကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တရားလွှတ်တော်ရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။

"ဒေါ်ခင်ဝင်း သေဆုံးမှုဟာ ၁၄၄ ပြဌာန်းထားတဲ့ကာလအတွင်းမှာ ဖြစ်ပေါ်တဲ့အတွက် ဒီလိုပစ်ခတ်သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ ရဲကနေပြီးတော့ အမှုပိတ်သိမ်းတာကို မှန်သယောင်ဆိုတဲ့သဘောမျိုး စာချွန်တော်ရုံးက အဲ့လိုအမိန့်ချတယ်လို့ ကျနော်တို့ သိရတယ်ပေါ့နော်၊ ၁၄၄ ထုတ်တယ် ပစ်မိန့်ပေးနိုင်တဲ့ဟာမျိုးထုတ်တယ်ဆို တန်းပစ်မိန့်ပေးလို့မရဘူးဗျ၊ ဒီလိုမျိုး နှိန်နင်းတဲ့ ဥပဒေတွေရှိတယ်၊ ပြဌာန်းချက်တွေရှိတယ်၊ စည်းမျဉ်းတွေရှိတယ်၊ ဘယ်လောက်အတန်ကွာ အသံချဲ့စက်နဲပ ပြောရမှာတွေရှိတယ်၊ ဘယ်လောက်အတန်ကွာကတော့ ပစ်ရမယ်၊ ပစ်တဲ့အခါမှာလည်း ဒူးထောက်ပြီးပစ်ရမယ်၊ မျက်ရည်ယိုဗုံးအရင်သုံးရမယ် အဲဒီလိုအဆင့်တွေ ရှိတယ်ဗျ၊ အခုဟာက ၁၄၄ ထုတ်တဲ့ဧရိယာသတ်မှတ်ပြီးတော့ သေနတ်နဲ့တန်းပြီးတော့ နဖူးတည့်တည့်ကို ချိန်ရွယ်ပြီး ထိခိုက်ပစ်ခံရတယ်ဆိုတာက ဘယ်လိုမှ ၁၄၄ နဲ့ ကျင့်စဉ်ကျင့်ရမယ့် တာဝန်နဲ့တော့ မကိုက်ညီဘူးပေါ့ဗျာ"

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ သေဆုံးရသူ ဒေါ်ခင်ဝင်း အမှုနဲ့ပတ်သက်ပြီး ဆားလင်းကြီးမြို့နယ် တရားရုံးက သေနတ်ထိမှန် သေဆုံးကြောင်း ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲဒီလိုဆုံးဖြတ်ပြီးတဲ့နောက် ဆားလင်းကြီး မြို့မရဲစခန်းက ဒုရဲမှူးသန်းနိုင်က တရားလိုလုပ်ပြီး လူသတ်မှုနဲ့ အမှုဖွင့်ခဲ့ပါတယ်။

တစ်နှစ်ကျော်ကြာသည်အထိ တစုံတစ်ရာမထူးခြားတဲ့အတွက် ရှေ့နေများကွန်ရက်က သွားရောက်မေးမြန်းရာမှာ ခရိုင်ဥပဒေအရာရှိရုံးနဲ့ ခရိုင်ရဲမှူးတို့က အမှုပိတ်ဖို့ ညွှန်ကြားချက်ပေးတဲ့အတွက် ရဲက အမှုကိုပိတ်သိမ်းခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဒါကြောင့်အမှုကို ဆက်လက်စစ်ဆေးပေးဖို့ ရှေ့နေများကွန်ရက်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို စာချွန်လွှာတင်တောင်းဆိုခဲ့တာဖြစ်ပြီး အဲဒီစာချွန်လွှာကိုပယ်ချကြောင်း အမိန့်ချခဲ့တာဖြစ်ပါတယ်။ အဲဒီလို ဆုံးဖြတ်တာဟာ ပြည်သူကိုနစ်နာစေတယ်လို့ ရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။

"ပစ်တဲ့သူကတော့ အမိန့်ပေးလို့ပစ်တာ၊ ဘယ်သူက အမိန့်ပေးတာလဲ၊ ကျနော်တို့ သိချင်တာက အဲဒါ၊ အဲဒါကို ဖော်ရမယ့်ဟာကို ရှင်းရှင်းပြောရရင်တော့ ပြည်သူတွေရဲ့ နစ်နာစေတဲ့ ရှောင်လွဲမှုတစ်ခုကို အဆုံးအဖြတ်ပေး သလိုဖြစ်နေတယ်ပေါ့နော်"

ဒေါ်ခင်ဝင်းဟာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း လယ်ယာမြေလျော်ကြေးမယူထားတဲ့ ဒေသခံတွေနဲ့ ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေအကြား ဖြစ်ပွားခဲ့တဲ့ပဋိပက္ခမှာ ဦးခေါင်းကို သေနတ်ထိမှန်ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။