နိုင်ငံရေးလှုပ်ရှားသူများ အမှု ၄၅၀ ပြည်ထဲရေးဌာနက ပိတ်သိမ်းပေးခဲ့
2016.08.16

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ရဲ့ မေတ္တာရပ်ခံချက်အရ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံချက်အတွင်း နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို စွဲဆိုထားတဲ့ အမှုပေါင်း ၄၅၀ ကျော်ကို အမှုပိတ်သိမ်းပေး ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မြင့် က ပြောကြားလိုက်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ ဒီနေ့ ဝန်ကြီးဌာန လေးခုက ရက် ၁၀၀ စီမံချက်အတွင်း ဆောင်ရွက်ချက်တွေကို ရှင်းလင်းရာမှာ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့် က ပြောကြား ခဲ့တာပါ။
"ကျနော်တို့အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်၊ ဥပဒေရုံးအဆင့်ဆင့်၊ တရားစွဲအဖွဲ့အဆင့်ဆင့်နဲ့ ပူးပေါင်း ပြီးဆောင်ရွက်ရာမှာ ကျနော်တို့ ရုပ်သိမ်း၊ ပိတ်သိမ်းအမှုပေါင်း ၂၇၄ မှုနဲ့ အမှုရင်ဆိုင်နေရသူ ၄၅၇ ဦးကိုပြီးပြတ်အောင်ဆောင်ရွက်နိုင်ပါတယ်၊ ဒီနေရာမှာ နိုင်ငံတော်သမ္မတကြီးကနေပြီးတော့ ပုဒ်မ ၄၀၁/ ၁နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုတဲ့ အပိုင်းကသပ်သပ်စီပါ၊ ကျနော်တို့ ပုဒ်မ ၄၉၄နဲ့ နိုင်ငံတော် သမ္မတကြီး နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့မေတ္တာရပ်ခံချက်အရ ကျနော်တို့လွှတ်ပေးခဲ့တာဖြစ်ပါတယ်"
ပြည်ထဲရေး၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွေရဲ့ အမြဲတမ်း အတွင်းဝန်တွေက ရှင်းပြခဲ့ကြတာဖြစ်ပါတယ်။
ဒါ့အပြင် ဦးတင်မြင့်က မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ပြည်သူကိုဗဟိုပြုတဲ့ ရဲလုပ်ငန်းစနစ်ဖြစ် လာအောင် နိုင်ငံတကာအကူအညီနဲ့ စတင်ပြောင်းလဲနေ ပြီဖြစ်ကြောင်းလည်း ပြောပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနက နိုင်ငံတစ်ဝန်းမှာရှိတဲ့ လမ်းတံတားအသုံးပြုခတွေကို ကင်းလွတ်ခွင့်ပြုဖို့ စီစဉ်နေသလို ရန်ကုန်- မန္တလေး လမ်းဟောင်း ကို လေးလမ်းသွားအဖြစ် ၂၀၁၈ ခုနှစ်အတွင်း အပြီးဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်း က ပြောပါတယ်။
ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက မိုးလေဝသ သတင်းတွေ တိတိကျကျသိရှိနိုင်ဖို့အတွက် ရန်ကုန်၊ မန္တလေး နဲ့ ကျောက်ဖြူမြို့တွေမှာ မိုးလေဝသရေဒါစခန်းတွေကို ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ တည်ဆောက်နေကြာင်း မန္တလေး ဆိပ်ကမ်း အဆင့်မြှင့်တင်တဲ့လုပ်ငန်းတွေ ကို နိုင်ငံတကာအကူအညီနဲ့ ပူးပေါင်းပြီး အကောင် အထည်ဖော်သွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လမ်းပေါ်နေ ကလေးတွေ နဲ့ တောင်းရမ်းစားသောက်နေသူတွေ၊ ခိုကိုးရာမဲ့တွေ၊ မသန်စွမ်းတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ရန်ကုန်နဲ့ မန္တလေးမှာ စီမံချက်ထားပြီး လုပ်ဆောင်နေကြာင်း အမြဲတမ်း အတွင်းဝန် ဦးစိုးအောင်က ရှင်းလင်းပြောကြားခဲ့ပါတယ်။