ကလေးမှာ လက်နက်ကြီးကြောင့် စစ်ဘေးဒုက္ခသည်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

RFA Burmese
2023.06.10
ကလေးမှာ လက်နက်ကြီးကြောင့် စစ်ဘေးဒုက္ခသည်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ရေလဲဦးရွာအရှေ့ခြမ်း၊ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာ ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးကျည်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့က တွေ့ရစဉ်။
Slai

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရေလဲဦးရွာအရှေ့ခြမ်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်း တစ်ခုမှာ ဇွန်လ ၉ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၅၈ နှစ်အရွယ် ဒေါ်မြဖြစ်ပြီး အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးကတော့ ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

အဲဒီလက်နက်ကြီးကို စစ်ကောင်စီရဲ့ လက်နက်ကြီးတပ်ရင်း (၃၆၅) ကပစ်တာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ဘေးရှောင်စခန်းတွေက လူများတယ်ဆိုတော့ သူတို့ကိုလာပြီးမှ ခုခံလာတဲ့ ဟာတွေလို့ အောက်မေ့ပြီးတော့ ပစ်တဲ့ပုံစံရှိတယ်ဗျ။ လက်နက်ကြီးတပ်ရင်း (၃၆၅) ကပစ်တာပါ"

အပြန်အလှန်တိုက်ပွဲဖြစ်တာမျိုးမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

လက်နက်ကြီးကို စစ်ကောင်စီတပ်ကပစ်တာလို့ ဒေသခံတွေကပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၉ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အသတ်ခံခဲ့ရတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူ ၃၆၄၉ ဦးရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။