မိုးဗြဲနဲ့ လွိုင်လင်လေးမှာ လက်နက်ကြီးကျပြီး တစ်ဦးသေ၊ ငါးဦးဒဏ်ရာရ
2023.01.17

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်၊ ကောင်းဆောင်ရွာ စစ်ဘေးဒုက္ခသည်စခန်းနဲ့ ကယားပြည်နယ်၊ လွိုင်လင်လေးမြို့မှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ဘေးဒုက္ခသည်အမျိုးသမီးတစ်ဦး သေဆုံးခဲ့တဲ့အပြင် ငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ကောင်းဆောင်ရွာက စစ်ဘေးဒုက္ခသည်စခန်းမှာ ဇန်နဝါရီလ ၁၆ ရက် ည ၈ နာရီမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုမှာ အသက် ၃၃ နှစ်အရွယ် ဒေါ်မူလင်း သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေါ်မူလင်းဟာ မိုးဗြဲမြို့နယ်၊ ဒုန်းဒူထန်ရွာကနေ ကောင်းဆောင်ရွာ ဒုက္ခသည်စခန်းမှာ လာရောက်ခိုလှုံနေသူလို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ဖယ်ခုံအမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ဆိုသလို ပစ်နေတာ။ အဲဒီနေရာမှာက ဒုက္ခသည် ငါးဆယ်လောက် စုပြီးနေနေကြတာ။ သူတို့က မိုးဗြဲ မြို့ပေါ်ရပ်ကွက်တွေကနေ တခြားနေရာကို မသွားနိုင်လို့ အဲမှာ စုပြီးနေကြတာ။ အဲဒါ ညက လက်နက်ကြီးကျပြီး တစ်ယောက်သေသွားတယ်"
အလားတူ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့မှာလည်း ဇန်နဝါရီလ ၁၅ ရက် ညနေ ၃ နာရီဝန်းကျင်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုမှာ အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ကူညီပေးခဲ့တဲ့ ရွှေလွိုင်ကော်ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
"ယောက်ျားလေးက လက်မောင်းမှာ ထိသွားတယ်ဗျ။ ကျန်တဲ့ မိန်းကလေး နှစ်ယောက် က ယမ်းစလေးတွေပဲ ထိတာပါ။ မိန်းကလေးနှစ်ယောက်ကတော့ ဆေးရုံဆင်းသွားပြီ။ ယောက်ျားလေးကတော့ ဆေးရုံမှာပဲဗျ။ စိုးရိမ်ရတဲ့အခြေအနေတော့ မရှိပါဘူး"
လက်နက်ကြီးကျည်ကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိပါဘူး။ ဒီအပြင် ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် စစ်ကောင်စီပြောခွင့်ရသူတွေကို RFA က ဒီနေ့ နေ့လယ်ပိုင်းမှာ ဖုန်းနဲ့ ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။