စစ်ရေးပဋိပက္ခကြောင့် KNU နယ်မြေမှာ တစ်လအတွင်းအရပ်သား ၁၆ ဦးသေ၊ ၄၇ ဦးဒဏ်ရာရ

RFA Burmese
2023.02.14
စစ်ရေးပဋိပက္ခကြောင့် KNU နယ်မြေမှာ တစ်လအတွင်းအရပ်သား ၁၆ ဦးသေ၊ ၄၇ ဦးဒဏ်ရာရ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမ်းနီရွာမှ စစ်ဘေးဒုက္ခသည်များကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်။
ဒေါနခရီးသွားဧည့်သည်

စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) အကြား စစ်ရေးပဋိပက္ခတွေ ကြောင့် KNU ထိန်းချုပ်နယ်မြေမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း အရပ်သား ၁၆ ဦး သေဆုံးပြီး ၄၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဖေဖော်ဝါရီလ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီက KNU ထိန်းချုပ်နယ်မြေ တပ်မဟာ (၅) နဲ့ တပ်မဟာ (၆) တွေအတွင်း လေကြောင်းတိုက်ခိုက်မှု ၅၇ ကြိမ်အထိပြုလုပ်ခဲ့ပြီး ဗုံး ၂၀၈ လုံးအထိ ကြဲချခဲ့တာလို့ KNU က ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၃ ဦးသေဆုံးပြီး ကိုးဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီအပြင် လက်နက်ကြီးနဲ့ ၉၅ ကြိမ်အထိ ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည် ၄၅၇ လုံး ပေါက်ကွဲခဲ့တယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ဒေသခံ သုံးဦး သေဆုံးခဲ့ပြီး ၃၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

KNU ထိန်းချုပ်နယ်မြေမှာ ဇန်နဝါရီလအတွင်း တိုက်ပွဲပေါင်း ၄၃၆ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ၄၆၉ ဦး သေဆုံးပြီး ၃၆၈ ဦး ဒဏ်ရာရရှိခဲ့ပေမယ့် KNU ဘက်ကတော့ ၂၄ ဦး သေဆုံးကာ ၇၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက် သေဆုံးထိခိုက်မှုတွေနဲ့ ပတ်သက်လို့တော့ RFA က သီးခြားအတည်မပြုနိုင် သေးပါဘူး။

KNU က ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေအတွင်း တပ်မဟာ (၇) ခုအထိ ဖြန့်ခွဲပြီး နယ်မြေထိန်းချုပ်ထားတာပါ။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးခဲ့ပေမယ့် စစ်အာဏာသိမ်းမှုအပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

KNU ဗဟိုရဲ့ စာရင်းတွေအရတော့ အာဏာသိမ်းမှု နှစ်နှစ်အတွင်း စစ်ကောင်စီတပ်နဲ့ KNU အကြား တိုက်ပွဲပေါင်း ၈၀၀၀ ကျော်ဖြစ်ပွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။