ဖြူးမြို့နယ်မှာ လက်နက်ကြီးကြောင့် ကိုးတန်းကျောင်းသူသေဆုံး၊ လေးဦးဒဏ်ရာရ
2023.10.11

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ဖြူးမြို့နယ် ကျော်လှရွာထဲကို အောက်တိုဘာ ၁၀ ရက်နေ့ မှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၄ နှစ်ရွယ် ကိုးတန်းကျောင်းသူတစ်ဦး သေဆုံးခဲ့တယ်လို့ ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံတစ်ဦးက ပြောပါတယ်။
ဖြူးမြို့နယ် ကညွတ်ကွင်းမြို့အခြေစိုက် စစ်ကောင်စီတပ်ကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ နှစ်လုံးပစ်ခတ်ခဲ့ပြီး တစ်လုံးက နေအိမ်ပေါ် ကျရောက်ပေါက်ကွဲရာမှာ အသက် ၁၄ နှစ် အရွယ် မယုရတီခိုင် လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့တာလို့ ဖြိူးမြို့နယ် ပကဖ တာဝန်ခံတစ်ဦးက ပြောပါတယ်။
"နေ့လယ် ၁ နာရီမှာ တစ်လုံးကျတယ်။ ညနေ ၅ နာရီမှာ နောက်တစ်လုံး ထပ်ကျတယ်ပေါ့နော်။ အဲဒီမှာ ထိခိုက်သွားတာက ကလေးက ဝမ်းဗိုက်ဖောက်ဝင် ဒဏ်ရာရယ်၊ ဒူးခေါင်းမှာဒဏ်ရာရတာရယ်၊ အဲဒီဒဏ်ရာတွေနဲ့ပဲ သေဆုံးသွားတယ်။ ဆေးကုသခွင့်မရလိုက်ဘူး"
မနေ့က တစ်ရက်တည်းမှာပဲ ဖြူးမြို့နယ် နန္ဒမိတ်ရွာထဲကို စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့်လည်း အရပ်သားလေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိသေးပါဘူး။
အောက်တိုဘာလ ၂ ရက်နေ့ကလည်း ဖြူးမြို့နယ် ငတိုးခင်ရွာထဲကို စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) ရဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ ထုတ် အစီရင်ခံစာအရ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၂၁၆,၇၅၄ ဦး ရှိနေပါတယ်။
RFA ရဲ့ စာရင်းအရ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကနေ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ အရပ်သား ၈၁၆ ဦး သေဆုံးခဲ့ပြီး၊ ၁၆၂၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။