ကလေးမြို့က ချင်းလူငယ်တစ်ဦး စစ်ကြောရေးမှာ သေဆုံး

2022.10.14
ကလေးမြို့က ချင်းလူငယ်တစ်ဦး စစ်ကြောရေးမှာ သေဆုံး စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဒိုးဝိုင်းချောင်းရွာမှ သေဆုံးသူ ကိုကျင်ဗျက်ဆန် (Cin Biak Sang) ကို တွေ့ရစဉ်။
Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဒိုးဝိုင်းချောင်းရွာက အသက် ၂၆ နှစ်အရွယ် ကိုကျင်ဗျက်ဆန် (Cin Biak Sang) ဟာ ဖမ်းဆီးခံရပြီး တစ်လကျော်အကြာ အောက်တိုဘာ ၁၄ ရက် ဒီနေ့မှာ အလောင်းပြန်လာယူဖို့ စစ်ကောင်စီတပ်က မိသားစုဝင် တွေကို အကြောင်းကြားခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့က ကိုကျင်ဗျက်ဆန်ဟာ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်မှာ စစ်ကောင်စီတပ်က စစ်ဆေးမှုတွေ လုပ်နေချိန် ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

သူဖမ်းဆီးခံရစဉ် မိသားစုဝင်တွေနဲ့ အဆက်သွယ်မရခဲ့ဘဲ ဒီနေ့ အလောင်းပြန်ရစဉ်မှာတော့ ရုပ်အလောင်းရဲ့ ကျောဘက်မှာ ဒဏ်ရာအများအပြား တွေ့ခဲ့ရတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ သူဟာ အရက်ကြောင်ပြီး သူ့ဦးခေါင်းကို သူ့ဘာသာ နံရံနဲ့တိုက်လို့ အဲဒီ‌ဒဏ်ရာနဲ့ သေဆုံးသွားတာဖြစ်ပြီး မိသားစုတွေအနေနဲ့ မီဒီယာတွေကို မဖြေကြားဖို့အတွက် စစ်ကောင်စီတပ်က ဖုန်းဆက်ပြီး သတိပေးထားတယ်လို့ ကိုကျင်ဗျက်ဆန်ရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကြောရေးမှာ သေဆုံးသူ ခုနစ်ဦးထိရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။