ကယားနဲ့ ဖယ်ခုံမှာ လေကြောင်းနဲ့လက်နက်ကြီးကြောင့် သေဆုံးတဲ့အရပ်သား ၆၈ ဦးထိရှိလာ
2023.11.21

ကယားပြည်နယ်၊ လွိုင်ကော်မြို့နဲ့ ရှမ်းပြည်နယ် ဖယ်ခုံမြို့မှာ နိုဝင်ဘာ ၁၁ ရက်ကနေ နိုဝင်ဘာ ၁၉ ရက်နေ့အထိ ကိုးရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရတဲ့အရပ်သား ၆၈ ဦးထိရှိလာပြီလို့ ကရင်နီ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) က နိုဝင်ဘာလ ၂၁ ရက်ဒီနေ့ ထုတ်ပြန်ပါတယ်။
သေဆုံးခဲ့ရတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ် ဆယ်ဦးနဲ့ အမျိုးသမီး ၁၈ ဦး ပါ၀င်ပြီး လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရတဲ့အပြင် ပစ်ခတ်သတ်ဖြတ် ခံရသူ ရှစ်ဦးလည်း ပါ၀င်တယ်လို့ဆိုပါတယ်။
အဲဒီအထဲ လွိုင်ကော်မြို့က သေဆုံးသူစာရင်းအပါအဝင် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်ထဲမှာ ရှိတဲ့ မိုးဗြဲမြို့က သေဆုံးသူတွေလည်း ပါ၀င်တယ်လို့ ဖော်ပြထားပါတယ်။
ဒီအရေအတွက်ဟာ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ ထုတ်ပြန်ချက်၊ သတင်းဌာနတွေရဲ့ အချက်အလက်တွေနဲ့ စစ်မြေပြင်သတင်းတွေအပေါ် အခြေပြု လုပ်ထားတဲ့ စာရင်းဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီစာရင်းထက် မြေပြင်မှာပိုများနိုင်ပြီး အဓိက စစ်ကောင်စီတပ်ဘက်က လွိုင်ကော်တိုက်ပွဲ အတွင်း လေကြောင်းနဲ့ လက်နက်ကြီး ပိုအသုံးပြုလာတာကြောင့်ဖြစ်တယ်လို့ ကရင်နီ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက RFA ကိုပြောပါတယ်။
"အခုက တိုက်ပွဲကြောင့် မြေပြင်မှာ လက်လှမ်းမမီတာတွေလည်း ရှိတယ်။ သူတို့ (စစ်ကောင်စီ) က တိုက်ပွဲမှာမနိုင်တော့ အရပ်သားပြည်သူတွေကို ရှုံးမဲမဲပြီး အရပ်သားနေရပ်တွေကို လေယာဉ်နဲ့ ကြဲတာမျိုးတို့၊ ထင်ယောင်ထင်မှားလုပ်တဲ့ ပုံစံမျိုးနဲ့ လုပ်ပြီးတော့မှ ပစ်တာမျိုးတွေရှိတယ်။ ပစ်သတ်တာမျိုးတွေလည်း ရှိတယ်။ လူ့အခွင့်အရေးဆိုတာထက် ရှုံးမဲမဲပြီးတော့ လျှောက်လုပ်တဲ့ ပုံစံမျိုးပေါ့"
အရပ်သားတွေ သေဆုံးထိခိုက်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ ဦးမြင့်ကြည်ကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အပြိုင် ကယားပြည်နယ်မှာ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးကို ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့တွေက နိုဝင်ဘာလ ၁၁ ရက်မှာ စတင်ခဲ့ပါတယ်။
အဲဒီနေ့ကစပြီး လွိုင်ကော်မြို့မှာ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၁ ရက်နေ့ကစဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်စလုံးရဲ့ ထိခိုက်သေဆုံးမှု အရေအတွက်ကိုတော့ စစ်ကောင်စီဘက်ကရော ကရင်နီကာကွယ်ရေးအဖွဲ့တွေ ဘက်ကရော ထုတ်ပြန်တာမရှိသေးပါဘူး။