မြောက်ဦး လူငယ်တစ်ဦး သေဆုံးမှု တပ်နဲ့ AA အပြန်အလှန်စွပ်စွဲ

အောင်သိင်္ခ
2020.02.19

ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေက ရိုက်နှက်တဲ့အတွက် မြောက်ဦးမြို့နယ် ပေါင်းတုတ်ကျေးရွာက လူငယ် တစ်ဦး သေဆုံးသွားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အင်တာနက်သုံးဖို့ တယ်လီဖုန်းကိုင်ပြီး မြောက်ဦးမြို့ဘက်ကို မနေ့ညနေက ထွက်လာခဲ့ကြတဲ့ ရိုဟင်ဂျာ လူငယ် နှစ်ဦးဆီကို AA တပ်ဖွဲ့ဝင် လေးဦးရောက်လာပြီး ထိုးကြိတ်ကြတာကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ တပ်မတော်က ပြောပါတယ်။

အဲဒီထဲက တစ်ဦး လွတ်မြောက်သွားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“မနေ့ကည ၈ နာရီခွဲ မြောက်ဦးမြို့နယ်တောင်ဘက်မှာရှိတဲ့ သုံးမိုင်၊ လေးမိုင်လောက်ပဲဝေးတဲ့ ပေါင်းတုတ် ကျေးရွာ မွတ်ဆလင် ဘင်္ဂလီ နှစ်ဦးက ရွာမြောက်ဘက်ကသွားပြီးတော့ ဖုန်းအသုံးပြုနေတယ် AA လေးယောက်လောက် ရောက်လာတယ် ပြောတယ်၊ မင်းတို့တပ်ကို သတင်းပေးနေတာလား ပြောတယ်၊ ဖမ်းပြီးတော့ တစ်ယောက်ကို ဓားနဲ့ထိုးတယ်၊ မောင်တင်လှိုင် အသက် ၁၉ နှစ် ဘင်္ဂလီအစ္စလာမ်ပါပဲ၊ လည်ပင်းထိုးသွင်းဒဏ်ရာ ရင်အုံထိုးသွင်းဒဏ်ရာနဲ့ သေဆုံးသွားတယ် ၁၀ တန်း ကျောင်းသားလို့ ပြောတယ်”

ရိုဟင်ဂျာလူငယ် သေဆုံးသွားတာနဲ့ ပတ်သက်ပြီး ပေါင်းတုတ်ကျေးရွာသားတွေက မကျေနပ်လို့ ရန်ကုန် မြောက်ဦးကားလမ်းမပေါ်က ဆိုင်ကယ်တွေ၊ ကားတွေကို ရိုက်နှက်ဖျက်ဆီးခဲ့တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

“၁၁ နာရီလောက်မှာတော့ နည်းနည်းဆူဆူူပူပူဖြစ်တယ်၊ သူတို့နားလေးကဖြတ်တဲ့ ရခိုင်လူမျိုး ရခိုင်တချို့ကို ရိုက်နှက်တယ်လို့ သိရတယ်၊ ဆိုင်ကယ်တွေရော သုံးဘီးတွေရော ဝိုင်းပြီးရိုက်တာပေါ့၊ အဲလိုမျိုးလေး မငြိမ်မသက်ဖြစ်တယ်လို့တော့ ကနဦး သိရတယ်ပေါ့”

ဒီလူငယ်နှစ်ဦးကို တိုက်ခိုက်သူတွေဟာ မြောက်ဦး အခြေစိုက် ခမရ ၅၄၀ က တပ်ဖွဲ့ဝင်တွေက လုပ်ဆောင်တာ ဖြစ်တယ်လို့ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက တုံ့ပြန်ငြင်းဆိုပါတယ်။

“ဒေသခံတွေဆီက သိရတာကတော့ မြန်မာစစ်တပ်ရဲ့ ခမရ ၅၄၀ မြောက်ဦးအခြေစိုက်ပေါ့နော်၊ အဲဒီ တပ်ရင်းက တစ်ယောက်ကို ဖမ်းပြီးတော့ အဲဒီမှာမသေမရှင် ရိုက်နှက်ပြီးတော့ လမ်းဘေးမှာထားခဲ့တယ်တဲ့ ပြီးရင် AA ကဆိုပြီး ပြောသွားတယ်တဲ့ နောက်ပြီးတော့ မိသားစုဆီကိုလည်း AA ကဆိုပြီးတော့ ဖုန်းဆက် ပြီးတော့မှ မင်းတို့လူတွေကို ငါတို့ ဘယ်လိုလုပ်ထားခဲ့တယ်ဆိုပြီး အဲလိုဖုန်းဆက်တယ်လို့ သိရတယ်ခင်ဗျ၊ ကျတော်တို့နဲ့ ဘာမှပတ်သက်မှု မရှိဘူး”

ရခိုင်ဒေသမှာ တပ်မတော်ရဲ့ လုပ်ရပ်တွေကို လွတ်လပ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ စုံစမ်းစစ်ဆေးဖို့လိုနေ ပြီလို့ ခိုင်သုခက ပြောပါတယ်။ တပ်မတော်ရဲ့လုပ်ရပ်ဟာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်တွေအကြား အဓိကရုဏ်းဖြစ်အောင် ဖန်တီးနေတယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဆိုပါတယ်။

“မြန်မာစစ်တပ်ဟာ မွတ်ဆလင်တွေနဲ့ နေပြီးတော့ ရခိုင်တွေကြားမှာ လူမျိုးရေးဘာသာရေး အဓိကရုဏ်းတွေဖြစ်အောင် နည်းမျိုးစုံနဲ့ကျိုးပမ်းပြီးတော့မှ အကောင်အထည်ဖော် လုပ်ဆောင်နေတာ ဖြစ်တယ်ဗျ။ ဆိုးရွားအောက်တန်းကျတဲ့ လုပ်ရပ်တွေဖြစ်တယ်”

ဒီနေ့မနက်ပိုင်းမှာ သေဆုံးသွားတဲ့ ရိုဟင်ဂျာလူငယ်ရဲ့ အလောင်းကို ပေါင်းတုတ်ရွာထဲ ပြန်သယ်ခဲ့ပြီး ပေါင်းတုတ်ရွာသားတွေဟာ ရန်ကုန် - စစ်တွေ ကားလမ်းမပေါ် တက်လာပြီးတော့ ကားတွေ၊ ဆိုင်ကယ်တွေ၊ လူတွေကို ရိုက်နှက်ခဲ့လို့ ကားသမား သုံးဦး ထိခိုက်ဒဏ်ရာရပြီး ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာအပြင်းအထန် ရသွားတယ်လို့ မြောက်ဦးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

“သယ်သွားတဲ့အလောင်းကို ကြည့်ပြီးတော့ သူတို့က ဒေါပွလာတယ်၊ လမ်းမှာဖြတ်သွားဖြတ်လာ ရန်ကုန် - စစ်တွေ ကားလမ်မပေါ်ကိုတက်ပြီးတော့ လမ်းမှာဖြတ်သွားဖြတ်လာ ဆိုင်ကယ်ရော ၊ ကားရော တားတယ်၊ တွေ့သမျှလူတွေကို ရိုက်နှက်တာပေါ့၊ အသက် ၁၄ နှစ် မောင်ဖြူလုံးက ဒဏ်ရာတော်တော်ပြင်းထန်တယ်၊ သူ့ကို ဆေးရုံတင်လိုက်ရတယ်၊ နောက် ကျတော်တို့ ကားသမားတွေလည်း သုံး၊ လေးယောက်ရှိတယ်”

မနေ့ညက လူငယ် တစ်ဦး သေဆုံးမှုမှာ တာဝန်ရှိသူ ဘယ်သူ ဘယ်အဖွဲ့ကဖြစ်တယ်ဆိုတာ မသိရကြောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး သုံးသပ်လိုခြင်း မရှိကြောင်း သူက ဆက်ပြောပါတယ်။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ပေါင်းတုတ်ဒေသခံတွေရဲ့ ပြောဆိုချက်က AA နဲ့ရော တပ်မတော်ဘက်က ပြောဆိုချက်နဲ့ပါ ကွဲလွဲနေပါတယ်။

စစ်တွေ ကားလမ်းမပေါ်တက်ပြီး လူတွေကို ရိုက်နှက်တာ မရှိဘူး၊ သူတို့ အနီးက ရွာမှာနေထိုင်တဲ့ ရခိုင်လူငယ် တွေက သတ်တယ်လို့ ယူဆကြတယ်လို့ လုံခြုံရေး အခြေအနေအရ အသံနဲ့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

ရဲတပ်ဖွဲ့ကတော့ အမှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနေပြီး အခြေအနေကို ထိန်းသိမ်းထားနိုင်တယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း ရခိုင်ဒေသမှာ AA နဲ့ တပ်မတော်ကြား တင်းမာမှုတွေကြောင့် အရပ်သား ထိခိုက် ဒဏ်ရာရမှုဟာ လူပေါင်း ၂၅၀ ကျော်အထိရှိခဲ့တယ်လို့ စစ်တွေမြို့ အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ထုတ်ပြန်ထားပါတယ်။




မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။