ကယားတောင်သူ ၁၉၀ အပေါ် တရားစွဲဆိုထားမှု ရုတ်သိမ်းပေးဖို့ တောင်းဆို
2014.07.09

ကယားပြည်နယ် ဖရူဆိုမြို့နယ် ဆိုလျားကူးရွာ က တောင်သူ ၁၉၀ ကို ပိုင်နက်ကျူးလွန်မှုနဲ့ စစ်တပ်က တရားစွဲဆိုထားတာကို ရုပ်သိမ်းပေးဖို့ ကယားပြည်နယ် က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေး ပါတီတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းပေါင်း ၂၀ ကျော်က မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။
မနေ့ကထုတ်ပြန်လိုက်တဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး ကရင်နီပြည် လူငယ်များသမဂ္ဂရဲ့ ဗဟိုကော်မတီဝင် ခွန်းဘီတူးက အခုလိုပြောပါတယ်။
"ဆိုလျားကူးရွာမှာရှိတဲ့ လယ်မြေတွေကိုတော့ လူထုတွေပိုင်တယ်ဆိုတာက ကျနော်တို့ ယုံကြည်ပြီးသားပဲ၊ ဒီမြေတွေကို ပြည်သူလူထုဆီကို ချက်ခြင်းလက် ငင်းပြန်ပေးပါ၊ ပြီးရင် အခုလိုတရားစွဲဖို့ လုပ်နေတဲ့ကိစ္စကို ခုချက်ချင်းရပ်ပေးပါလို့ တောင်းဆို ပါတယ်"
ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တို့မှာ ဖရူဆိုမြို့နယ်အခြေစိုက် အမှတ် ၅၃၁ ခြေမြန်တပ်ရင်း က သိမ်းထားတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက်ထွန်ယက်ခဲ့တဲ့ တောင်သူတွေထဲက တောင်သူ ၁၉၀ ကို ပိုင်နက်ကျူးလွန်မှုနဲ့ အမှုဖွင့် ထားတာ ဖြစ်ပါတယ်။
ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုတာဟာ ဒေသခံတောင်သူတွေအပေါ် ဖိနှိပ်လိုတဲ့ လုပ်ရပ်ဖြစ်ကြောင်းနဲ့ ဆိုလျားကူးကျေး ရွာက အသိမ်းခံထားရတဲ့ မြေယာပြဿနာတွေနဲ့ ပတ်သက်ပြီး အစိုးရနဲ့ လွှတ်တော်အမတ်တွေက အမြန်ဆုံးဖြေရှင်းပေးဖို့ လိုအပ်ကြောင်း အဖွဲ့ ၂၀ ကျော်က သူတို့ရဲ့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။
လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်လောက်က ဆိုလျားကူးရွာမှာရှိတဲ့ လယ်ယာမြေ၊ စားကျက်မြေနဲ့ သစ်တောမြေ ဧက စုစုပေါင်း ၁၂၀၀ ကျော်ကို အမှတ် ၅၃၁ ခြေမြန်တပ်ရင်းက သိမ်းဆည်းခဲ့ပြီး သီးစားချထားခဲ့တာပါ။
သိမ်းဆည်းခံထားရတဲ့ အဲ့ဒီမြေတွေမှာ ဝင်ရောက်စိုက်ပျိုးမယ်ဆိုရင် တပ်ပိုင်မြေမှာ လုပ်ကိုင်တာဖြစ်ကြောင်း လက်မှတ်ရေးထိုးရမယ်လို့ စစ်တပ်က ညွှန်ကြားထားတဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ ဒေသခံတောင်သူတွေက ပြီးခဲ့တဲ့ မေလ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တို့မှာ ဝင်ရောက်ထွန်ယက်ခဲ့ကြတာဖြစ်ပါတယ်။
အဲ့ဒီကြေညာချက်ကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ ကယန်းပြည်သစ်ပါတီ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကရင်နီပြည်လူငယ်များသမဂ္ဂ၊ ကရင်နီအမျိုးသမီး အစည်းအရုံး စတဲ့ အဖွဲ့ အစည်းပေါင်း ၂၀ကျော်က ပူးပေါင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။