အိန္ဒိယက မြန်မာစစ်တပ်ကို ထောက်ပံ့ပေးနေတာတွေရပ်တန့်ဖို့ JFM တောင်းဆို
2024.04.16

အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာစစ်တပ်ထံ စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေအပါအဝင် နည်းပညာနဲ့ လောင်စာဆီတွေ လွှဲပြောင်းရောင်းချမှုအားလုံးကို ချက်ချင်းပိတ်ပင်ဖို့နဲ့ စစ်ဘက်ကဆိုင်ရာ လေ့ကျင့်သင်တန်းအားလုံးကိုလည်း ရပ်ဆိုင်းပေးဖို့ Justic For Myanmar (JFM) က ဧပြီလ ၁၅ ရက်နေ့မှာ ကြေညာချက်ထုတ် တောင်းဆိုပါတယ်။
အိန္ဒိယစစ်တပ်၊ အိန္ဒိယကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးဌာနတို့နဲ့ စီးပွားရေးဆက်ဆံမှုရှိတဲ့ နိုင်ငံတကာအစိုးရတွေ၊ ကုမ္ပဏီတွေအနေနဲ့လည်း မြန်မာစစ်တပ်ထံ အိန္ဒိယရဲ့ ထောက်ပံ့မှုတွေကို ပိတ်ပင်နိုင်ဖို့အတွက် စည်းရုံးတိုက်တွန်းပေးကြဖို့အတွက်လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာပြည်သူတွေပေါ် လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်မှုတွေရှိနေကြာင်း သိရှိလျက်နဲ့ မြန်မာစစ်တပ်ထံ နည်းဗျူဟာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နဲ့ တိကျမှုကို မြှင့်တင်ပေးနိုင်တဲ့ စက်ပစ္စည်းကိရိယာတွေကို အိန္ဒိယက ရောင်းချပေးခဲ့ပြီး နည်းပညာအကူအညီတွေကိုလည်း တိုက်ရိုက်ပေးအပ်နေတာလို့ JFM က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကကတော့ အိန္ဒိယလေတပ်ကနေ ရန်ကုန်မြို့က မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်ရဲ့ ပြုပြင်ထိန်းသိမ်းရေးဌာနကို “ကာကွယ်ရေးပစ္စည်းများ” လို့အမည်တပ်ပြီး ပစ္စည်းအရေအတွက် ၅၂ မျိုးကို တင်ပို့ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တင်ပို့ခဲ့တဲ့ပစ္စည်းတွေထဲမှာ အာရုံခံကိရိယာ၊ အပူချိန်တိုင်းကိရိယာ၊ တိုင်းတာရေးနဲ့ လေကြောင်းသွားလာမှု လမ်းညွှန်ကိရိယာ၊ သင်တန်းသင်ထောက်ကူပစ္စည်းတွေနဲ့ အခြားပစ္စည်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီပစ္စည်းတွေကို အရပ်ဘက်ကဏ္ဍတွေမှာ အသုံးပြုနေပေမယ့် တင်ပို့ကုန်တွေကို “ကာကွယ်ရေးပစ္စည်းများ”လို့ အမည်တပ်ထားမှုအပါအဝင် တင်ပို့သူနဲ့ လက်ခံသူ နှစ်ဘက်လုံးကလည်း စစ်တပ်တွေဖြစ်တဲ့အတွက် ဒီပစ္စည်းတွေကို စစ်တပ်ကပဲ အသုံးပြုလိမ့်မယ်လို့ JFM က ပြောပါတယ်။
JFM ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံရဲ့သဘောထားကိုသိနိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကို RFA က ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလက တင်ပို့မှုဖြစ်တဲ့ ကုန်ပစ္စည်း ၅၂ မျိုးမတိုင်ခင် ၂၀၂၃ ခုနှစ်တုန်းကလည်း မိုးလေဝသဆိုင်ရာစက်ပစ္စည်းတွေ တပ်ဆင်ဖို့အတွက် အိန္ဒိယလေတပ်က စစ်သည် ၁၅ ဦး စေလွှတ်ခဲ့တယ်လို့ JFM က ပြောထားပါတယ်။