ကိုယ်စားလှယ်လောင်း အားလုံးနီးပါး အပယ်ခံရလို့ ပူပင်စိုးရိမ်နေရ
2015.09.18

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီက တင်သွင်းတဲ့ ကိုယ်စားလှယ်အားလုံးနီးပါးကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ပယ်ချခဲ့တာကြောင့် ပါတီဖျက်သိမ်းခံရမှာကို စိုးရိမ်နေရပြီလို့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ ဥက္ကဌ ဦးကျော်မင်းက ပြောကြားလိုက်ပါတယ်။
သူတို့ ပါတီက ကိုယ်စားလှယ်တွေ နဲ့အ ဖွဲ့ဝင်တွေ အများစုဟာ အစ္စလာမ်ဘာသာဝင် တွေဖြစ်ကြပြီး ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတောနဲ့ ရန်ကုန်တိုင်းဒေသကြီးတွေက ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်
ကိုယ်စားလှယ်လောင်းအားလုံးနီးပါး ပယ်ချခံလိုက်ရတဲ့အတွက် ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ဖို့ သက်မှတ်ထားတဲ့ အနည်းဆုံး မဲဆန္ဒနယ်မြေ ၃ နေရာ မပြည့်မှီတော့ဘူးလို့ ဥက္ကဌ ဦးကျော်မင်းက RFA က မေးမြန်းစဉ်မှာ ပြောသွားတာပါ။
ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီက တင်သွင်းတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ မိဘတွေဟာ နိုင်ငံသား မဖြစ်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့တာလို့ ဦးကျော်မင်း က ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ပယ်ချခံရတဲ့ ကိုယ်စားလှယ်လောင်းတချို့ရဲ့ မိဘနှစ်ပါးဟာ နိုင်ငံသားဖြစ်ကြောင်း ကော်မရှင် ဆီကို အယူခံဝင်ဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဥက္ကဌ ဦးကျော်မင်းကို RFA သတင်းထောက် ကိုမျိုးဇော်ကို က မေးမြန်းထားပါတယ်။