ဒီးမော့ဆိုမြို့နယ် ဒေါညင်းခူရွာအနီးမှာ တိုက်ပွဲပြင်းထန်နေ

RFA Burmese
2023.04.19
ဒီးမော့ဆိုမြို့နယ် ဒေါညင်းခူရွာအနီးမှာ တိုက်ပွဲပြင်းထန်နေ တိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် စစ်ကောင်စီတပ်ဘက်မှ လက်နက်ခဲယမ်းများကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က တွေ့ရစဉ်။
Knlc

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းက ဒေါညင်းခူရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) မဟာမိတ် ပူးပေါင်းအဖွဲ့တွေကြား ဒီရက်ပိုင်း တိုက်ပွဲ ပြင်းထန်နေတယ်လို့ KNDF ဘက်က ပြောပါတယ်။

မတ်လကတည်းက အဲဒီနေရာတွေမှာ စစ်ရေးတင်းမာနေခဲ့တာဖြစ်ပြီး အခုဧပြီလ ၁၄ ရက်စလို့ တိုက်ပွဲပြန် ပြင်းထန်လာခဲ့တာလို့ KNDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက RFA ကကို ပြောပါတယ်။

“အခုလ ၁၄ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်နေတာ။ စစ်ကောင်စီဘက်က တိုးလာတဲ့ သဘောပေါ့နော်။ ဒီနေ့အထိလည်း ဖြစ်နေတုန်းပဲ။ အခုတော့ တိုက်ပွဲပြင်းနေတဲ့အတွက် အသေးစိတ်ကို ဘာမှပြောလို့မရသေးဘူး ”

လက်ရှိ တိုက်ပွဲအခြေအနေ ဆက်လက်ပြင်းထန်နေတာကြောင့် အသေးစိတ် အချက်အလက်ကို မပြောနိုင်သေးဘဲ သတင်းထပ်မံ ထုတ်ပြန်ပေးသွားမယ်လို့သာ KNDF ပြန်ကြားရေးတာဝန်ရှိသူက ဆိုပါတယ်။

ကယား (ကရင်နီ) အခြေစိုက် သတင်းမီဒီယာတွေမှာတော့ ဒီးမော့ဆို အရှေ့ဘက်အခြမ်းကို စစ်ကောင်စီတပ်မ (၆၆) လက်အောက်ခံ တပ်ရင်းက စစ်ကြောင်းထပ်ထိုးလာတာကြောင့် တိုက်ပွဲဖြစ်နေတာလို့ ဖော်ပြထားပါတယ်။

ကရင်နီ သတင်းအချက်အလက်စင်တာ KnIc ကတော့ ဒီးမော့ဆိုအရှေ့ဘက်အခြမ်းမှာ ဧပြီ ၁၆ ရက်နဲ့ ၁၇ ရက် နှစ်ရက်တာတိုက်ပွဲအတွင်း KA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုပါ အသုံးပြုနေပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်း အမြောက်အများကို သိမ်းဆည်း ရမိထားတယ်လို့ KnIc ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒီးမော့ဆိုမြို့နယ်အတွင်းမှာ မတ်လအတွင်းကစလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်း ထိုးလာတာကြောင့် အရင်ကတည်းက စစ်ဘေးရှောင်နေရတဲ့ ဒုက္ခသည် သုံးထောင်ကျော်ဟာ ဒီးမော့ဆို အနောက်ဘက်အခြမ်းကို ထပ်မံ ထွက်ပြေးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။