ဒီးမော့ဆိုမြို့ တိုက်ပွဲ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးတယ်လို့ KNDF ထုတ်ပြန်

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီကျေးရွာအနားမှာ စက်တင်ဘာလ ၂၀ ရက်နေ့ မနေ့က ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ၊ ကရင်နီတပ်မတော် (KA) ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီ တပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး KNDF ဘက်က ရဲဘော်တစ်ဦး သေဆုံးကာ လေးဦးဒဏ်ရာရခဲ့တယ်လို့ KNDF ဘက်က ထုတ်ပြန်ပါတယ်။
ကင်းထောက်ဖို့သွားနေချိန် ဒေါပိုးစီရွာအပါအဝင် ရွာအချို့ထဲမှာ အရပ်ဝတ်နဲ့ပုန်းနေတဲ့ စစ်ကောင်စီ တပ်သားတွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KNDF အဖွဲ့ တာဝန်ရှိသူ တစ်ဦးက RFA ကိုပြောပါတယ်။
“စစ်ကောင်စီက ပုံမှန်ဝတ်စားနေကျ စစ်ပုံစံနဲ့မဟုတ်ဘဲ အရပ်ဝတ်တွေနဲ့ လူထုတွေရဲ့ နေအိမ်တွေမှာ ဝင်ပြီးတော့ နေရာယူတာတွေ ရှိတယ်ပေါ့နော်၊ အဲဒီမှာ ကျနော်တို့ ထိပ်တိုက်တွေ့ဆုံပြီးတော့မှ တိုက်ပွဲ ဖြစ်တာပေါ့နော်၊ ကျနော်တို့ဘက်က တစ်ဦးကျပြီး လေးဦးဒဏ်ရာရသွားတယ်” လို့ KNDF ဘက်ကဆိုပါတယ်။
မနေ့က နေ့လည် ၁၁ နာရီနဲ့ ညနေ ၄ နာရီမှာ နှစ်ကြိမ်တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တာတွေကြောင့် လူနေအိမ်အချို့လည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ KNDF ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု တိတိကျကျကိုတော့ မသိရသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း RFA ကဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
စက်တင်ဘာလ ၁၆ ရက်နေ့က ဒေါပိုးစီရွာနဲ့ ခြောက်မိုင်ရွာအနားမှာဖြစ်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာလည်း ကရင်နီတပ်မတော်ရဲ့ တပ်ကြပ်ကြီးဦးနားရယ် လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ပါတယ်။
ကယားပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် သေဆုံးသူ ၉၅ ဦးရှိသွားပြီဖြစ်ပါတယ်။