ဒီးမော့ဆိုမှာ စစ်ကောင်စီနဲ့ ကရင်နီလက်နက်ကိုင် ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ်

2021.10.03
ဒီးမော့ဆိုမှာ စစ်ကောင်စီနဲ့ ကရင်နီလက်နက်ကိုင် ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်။
ဓာတ်ပုံ - KNDF_BO1 သတင်းပြန်ကြားရေး

ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ထီးလွီးဘီလာနဲ့ ငွေတောင်ရွာသစ်အကြား အောက်တိုဘာ ၂ ရက် မနေ့က စစ်ကောင်စီနဲ့ KNDF အပါအဝင် ကရင်နီ လက်နက်ကိုင်ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က နှစ်ယောက် သေဆုံးတယ်လို့ KNDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မနေ့က ညနေငါးနာရီလောက်မှာ ငွေတောင်ရွာသစ်ဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းနှစ်ခုနဲ့ ထိုးစစ်ဆင်လာရာကနေ ကရင်နီတပ်မတော် (KA) နဲ့ KNDF ပူးပေါင်းတပ်ဖွဲ့တို့နဲ့ တစ်နာရီနီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီးမော့ဆိုမြို့နယ် ငုပလော့ကန်ဘက်ကနေ စစ်ကြောင်းတစ်ကြောင်း၊ ဒေါတမငယ် ခြေရာတော်တောင် ဘုရားတောင်ဘက်ကနေ စစ်ကြောင်းတစ်ကြောင်းနဲ့ ငွေတောင်ရွာသစ်ဘက်ကို ထိုးစစ်ဆင်လာတာလို့ ဖော်ပြထားပါတယ်။

တိုက်ပွဲအပြီး စစ်ကောင်စီတပ်တွေဟာ ငွေတောင်ရွာသစ်အနီးက တောင်ပေါ်မှာ တပ်စွဲထားတယ်လို့လည်း ဖော်ပြထားပါတယ်။

ကယားပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ဒေသခံ တစ်သိန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ပြောကြား ထားတယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းက AP သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။