ဒီးမော့ဆို စစ်ဘေးဒုက္ခသည်စခန်းထဲ လက်နက်ကြီးကျည်ကျလို့ တစ်ဦးသေ၊ လေးဦး ဒဏ်ရာရ

2022.08.01
ဒီးမော့ဆို စစ်ဘေးဒုက္ခသည်စခန်းထဲ လက်နက်ကြီးကျည်ကျလို့ တစ်ဦးသေ၊ လေးဦး ဒဏ်ရာရ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှာ စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် သေဆုံးသွားသည့် ဒီးမော့ဆိုမြို့နယ်မှ စစ်ဘေးဒုက္ခသည်တစ်ဦးကို တွေ့ရစဥ်
ဓာတ်ပုံ - ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းကို ဇူလိုင်လ ၃၁ ရက် မနေ့ညနေပိုင်း စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက်မပြည့်တဲ့ ကလေးတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
 
သေဆုံးသူဟာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးဖြစ်ပြီး ဒဏ်ရာရာခဲ့တဲ့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား သုံးဦးကတော့ အသက် ၄၀ ကျော်အရွယ်တွေ ဖြစ်တယ်လို့ အဲဒီစခန်း တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
 
"မနေ့က လေးနာရီကတည်းက ပစ်နေတာ။ ငါးနာရီမှာ စခန်းဘက်ကို ကျတယ်။ ဆုံးသွားတဲ့မိန်းကလေးက မာဂရက်လို့ခေါ်တယ်။ အသက်က ၁၃ နှစ်၊ ခုနစ်တန်း ကျောင်းသူလေး။ သူက အလောင်းတောင် ပြန်ကောက်လို့မရဘူး၊ တစ်စစီပျက်သွားတာ။ လက်နက်ကြီးကျတဲ့ အရှိန်ကြောင့် လေးဦး ဒဏ်ရာရတယ်။ အဲဒီအထဲက ဒဏ်ရာ အပြင်း အထန်ရတဲ့ အမျိုးသားက မာဂရက်ရဲ့အဖေ။ သူလည်း အခြေအနေ အရမ်းစိုးရိမ်ရတဲ့ အနေအထားပါ"
 
မနေ့က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးကျရောက်တဲ့ အကွာ အဝေးကို သိလိုတာကြောင့် စမ်းသပ်ပစ်ခတ်တာ ဖြစ်နိုင်ကြောင်းလည်း သူက ဆက်ပြောပါတယ်။
 
ဒီပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
 
ဒဏ်ရာရရှိသူ အများစုဟာ ဦးခေါင်း၊ ကျောနဲ့ ခြေထောက် စတဲ့ နေရာတွေမှာ အများဆုံးဖြစ်ပြီး လက်နက်ကြီးအလုံးရေ ၁၀ ချက်နီးပါး ပစ်ခတ်ခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
 
အဲဒီစခန်းမှာ ဒေါငံခါး၊ စံပြ (၅) မိုင်၊ စံပြ (၆) မိုင်နဲ့ ကုန်းသာရွာ စတဲ့ ဒီးမော့ဆိုမြို့နယ်ထဲက ရွာပေါင်း ၁၁ ရွာကျော်က ထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည် ၁၄၀၀ ကျော် စုပေါင်း နေထိုင်နေကြတာဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။