ရခိုင်ပြည်နယ်ကို နိုင်ငံတကာက ဖွံ့ဖြိုးရေးအကူအညီ ပြောင်းပေး မယ်
2016.11.09

ဒိန်းမတ်နိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရခိုင်ပြည်နယ်မှာပေးနေတဲ့ လူသားချင်းစာနာမှု အကူအညီတွေကိုလျှော့ချပြီး ဖွံ့ဖြိုးရေးအကူအညီတွေကို ပြောင်းလဲပေးဖို့ ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး Mr. Peter Lysholt Hansen က စစ်တွေမြို့က အရပ်ဘက်လူမှုအဖွဲ့တွေ နဲ့ မနေ့ကတွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တာလို့ သံအမတ်ကြီးနဲ့ တွေ့ဆုံရာမှာပါဝင်ခဲ့တဲ့ စစ်တွြေမို့ လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီ နာယကတစ်ဦးဖြစ်သူ ဦးသန်းထွန်း က ပြောပါတယ်။
"ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စကို ဒိန်းမတ်နိုင်ငံအပါအဝင် UN အေဂျင်စီတွေ နောက်တခြား အလှူရှင်ပုဂ္ဂိုလ်များက မြန်မာပြည်ရဲ့ ဒုတိယအဆင်းရဲဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်ကို လူသားချင်းစာနာမှု အကူအညီတွေ နည်းနည်းလျှော့ပြီးတော့ ဖွံ့ဖြိုးခြင်းဆိုင်ရာ အကူအညီတွေ အများကြီးပေးဖို့ အစီအစဉ် ရှိနေပါတယ်လို့ သူကပြောတယ်"
ဖွံ့ဖြိုးရေးအကူအညီတွေကို ရခိုင်ပြည်နယ်အတွင်းက လူ့အဖွဲ့အစည်းနှစ်ခုစလုံးကို ပေးဖို့ သံအမတ်ကြီးက ပြောဆို ခဲ့တယ်လို့ ဦးသန်းထွန်းကပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး Mr. Peter Lysholt Hansen ဟာ ရခိုင်ပြည်နယ် မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်တွေမြို့မှာ အရပ်ဘက်အဖွဲ့တွေနဲ့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။
သံအမတ်ကြီးဟာ ရသေ့တောင်မြိ့နယ် အငူမော်နဲ့ မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွေကို ဒီနေ့ သွားရောက်လေ့လာခဲ့သလို မနက်ဖြန်မှာလည်း စစ်တွေမြို့နယ်မှာရှိတဲ့ မွတ်ဆလင် ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး မွတ်ဆလင်ခေါင်းဆောင်အချို့နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ သိရပါတယ်။