ရခိုင်ပြည်နယ် အေးချမ်းရေး ဒိန်းမတ်နိုင်ငံ မင်းသမီးဆွေးနွေး
2014.01.12

ရခိုင်ပြည်နယ်မှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ငြိမ်းချမ်းရေး ဖော်ဆောင်ရာ မှာ ဒေသခံ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ ပူးပေါင်း ပါဝင်စေလိုကြောင်း ဒိန်းမတ်နိုင်ငံ တော်ဝင်မင်းသမီး Princess Mary က မနေ့က စစ်တွေမြို့ခံ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ ဘာသာရေး အဖွဲ့အစည်းအချို့ ကို တွေ့ဆုံပြောကြားခဲ့ကြောင်းသိရပါတယ်။
မနေ့က ညနေပိုင်းမှာ စစ်တွေဟိုတယ်မှာ အရပ်ဖက် လူမှုအဖွဲ့အစည်းနဲ့ ဘာသာရေး အဖွဲ့အစည်းက တာဝန်ရှိသူတွေကို သီးသန့်တွေ့ဆုံပြီး ပြောကြားခဲ့ တာဖြစ်ကြောင်း တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ ဝံလက် ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(ရခိုင်ပြည်နယ်)ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုခိုင်ကောင်းစံက RFA ကို ပြောပါတယ်။
“သူတို့ကတော့ ဒီငြိမ်းချမ်းရေးမှာ အတူတကွနေထိုင်ဖို့အတွက်ရယ် အစိုးရနဲ့ တွေ့ဆုံပြီးတော့ ပြောတဲ့ အပိုင်းကိုပြောတယ်၊ နောက်တစ်ခါ ဒီဒေသအတွင်းမှာရှိတဲ့ လူမျိုးအဖွဲ့အစည်းတွေကလည်း သူတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ပေါ့၊ အဲဒါမျိုးတွေ ကမ်းလှမ်းတာဖြစ်ပါတယ်၊ ဒီဒေသမှာဖြစ်တဲ့ ပဋိပက္ခဟာ သာမန်ဖြစ်တဲ့ဖြစ်စဉ် မဟုတ်ဘူး၊ ကျနော်တို့ ရခိုင်တွေရဲ့နယ်မြေကို ဘင်္ဂါလီက ထွက်ပြေးလာပြီးမှ ကျနော်တို့မြေကို လုဖို့ကြိုးစားကြတယ်၊ အဲဒါကြောင့် ဒီပဋိပက္ခကို ဖြေရှင်းဖို့ဆိုရင် အချိန်ယူရမှာပေါ့၊ ကျနော်တို့ ရခိုင်တွေကလည်း ငြိမ်းချမ်းရေးကို လိုလားပါတယ်၊ အဲဒါကို ပြောပြပါတယ်”
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း နှစ်ဘက် ပြန်လည်သင့်မြတ်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြရာမှာ မွတ်စလင်တွေအနေနဲ့ ရိုဟင်ဂျာလူမျိုးအဖြစ် အသိအမှတ်ပြုပေးဖို့ တောင်းဆိုမှုတွေကို ရပ်တန့်ပေးဖို့ လိုအပ်သလို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို အကောင်အထည်ဖော်မှုကို လက်ခံပေးဖို့ လိုအပ်ကြောင်း လူမှုအဖွဲ့အစည်းတွေဘက်က တင်ပြခဲ့တယ်လို့လည်း ဆိုပါတယ်။
မနေ့က တွေ့ဆုံဆွေးနွေးပွဲကို စစ်တွေမြို့အခြေစိုက် ဝံလက်ဒေသ ဖွံ့ဖြိုရေးဖောင်ဒေးရှန်း၊ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့၊ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့စတဲ့ အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒိန်းမတ်နိုင်ငံ တော်ဝင်မင်းသမီး Mary ဟာ မနေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး မနေ့က ရခိုင်ပြည်နယ ်အစိုးရအဖွဲ့ရုံးမှာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို ဒီကနေ့ မနက်ပိုင်းမှာလည်း စစ်တွေမြို့ အနောက်ဘက်က ဆေးသမားကြီး မွတ်စလင် ဒုက္ခသည်စခန်းနဲ့ ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်းက ရခိုင်ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို လေ့လာခဲ့ပါတယ်။