ဒိန်းမတ် တော်ဝင်မင်းသမီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံ
2014.01.11

ရခိုင်ပြည်နယ်မှာ အစိုးရအနေနဲ့ ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ သာမကဘဲ မိမိတို့ဒေသရဲ့ ရိုးရာယဉ်ကျေးမှု ကဏ္ဍတွေကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း ဒိန်းမတ်နိုင်ငံရဲ့ တော်ဝင်မင်းသမီး Princess Mary က ဒီကနေ့ ပြောပါတယ်။
ဒိန်းမတ်နိုင်ငံရဲ့ တော်ဝင်မင်းသမီး Princess Mary က ဒီကနေ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် စကားပြန်ကတစ်ဆင့် အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“ဒီအဆောက်အအုံတွေ ပြန်ပြီးဆောက်လုပ်ရေး လုပ်ငန်းတင် မဟုတ်ဘဲနဲ့ ဒီမှာရှိတဲ့ ကိုယ့်တိုင်းပြည် ယဉ်ကျေးမှုကိစ္စတွေလည်း ထည့်သွင်းစဉ်းစားဖို့ အကြံပေးပါတယ်ခင်ဗျ”
ဒါ့အပြင် အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေကို ပြေလည်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဝိုင်းဝန်းဖြေရှင်းမှုတွေ ပြုလုပ်နေတာကို အားရမိကြောင်း၊ သူမကိုယ်တိုင်လည်း ရခိုင်ပြည်နယ်ထဲမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ကူညီပေးနေတဲ့ DRC(Danish Refugee Council)အဖွဲ့အစည်းမှာ ဦးဆောင်အရာရှိအဖြစ် တာဝန်ယူဆောင်ရွက်ပေးနေကြောင်း ပြောပါတယ်။
မနက်ဖြန်မှာ စစ်တွေမြို့နယ်အတွင်းက ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေ ဒုက္ခသည်စခန်းတွေကို ကိုယ်တိုင်သွားရောက်ပြီး လက်ရှိအခြေနေတွေကို လေ့လာသွားမှာဖြစ်သလို လိုအပ်တာတွေကို အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
တော်ဝင်မင်းသမီးနဲ့အတူ လိုက်ပါလာတဲ့ ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Rasmus Helvey Pete ကလည်း ဒိန်းမတ်နိုင်ငံအနေနဲ့ ဖွံ့ဖြိုးစမြန်မာနိုင်ငံအတွက် အကူအညီတွေပေးဖို့ အဆင်သင့်ရှိသလို အခုလို ရခိုင်ပြည်နယ်အတွင်းမှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာကို သူ့အနေနဲ့ စိတ်မကောင်းဖြစ်မိကြောင်းလည်း ပြောပါတယ်။
ဒိန်းမတ်နိုင်ငံ တော်ဝင်မင်းသမီးနဲ့အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို လေ့လာဖို့အတွက် ဒီကနေ့ နေ့လည်ပိုင်းက စစ်တွေမြို့ကို ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။