ဒီပဲယင်းမှာ စစ်ကြောင်းကြောင့် ဒေသခံ သုံးထောင်ကျော် တိမ်းရှောင်နေရ

RFA Burmese
2024.01.18
ဒီပဲယင်းမှာ စစ်ကြောင်းကြောင့် ဒေသခံ သုံးထောင်ကျော် တိမ်းရှောင်နေရ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က တွေ့ရစဉ်။
People's Defense Comrades

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းက ရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းက ဇန်နဝါရီလ ၁၈ ရက် ဒီနေ့မှာ စစ်ကြောင်းထိုးနေလို့ ရွာ ရှစ်ရွာက လူဦးရေ သုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ - ၁၁ နဲ့ ခြေမြန်တပ်ရင်း ခမရ - ၇၀၈ တို့က အင်အား ရှစ်ဆယ်ခန့်နဲ့ စစ်ကြောင်း ထိုးလာတာကြောင့် ညောင်ကြီးကုန်း၊ မဲအိုး၊ လက်ယက်ကုန်း၊ မူးကတွင်း၊ သရက်တော၊ ညောင်လှ၊ အောင်ချမ်းသာ၊ ရွာရှည် စတဲ့ရွာတွေက ဒေသခံတွေ တိမ်းရှောင်နေရတာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကြောင်း ထိုးလာတာဖြစ်ပြီး ဒေသခံတချို့ ဖမ်းဆီးခံရတာလည်း ရှိနေတယ်လို့ ရေဦးမြို့နယ် People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က RFA ကို ပြောပါတယ်။

“ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းက မဲကုန်းရွာကို မနက်က အငိုက်ဝင်စီးပြီး ရွာခံပြည်သူတွေကို ဖမ်းဆီးသွားတယ်။ ပြီးတော့ လက်ယက်ကုန်းနဲ့ ညောင်ကြီးကုန်းက ပြည်သူတွေကို ထပ်ဖမ်းနေတယ်။ ဘယ်နှယောက်အထိ ဖမ်းဆီးသွားတယ် ဆိုတာတော့ စာရင်းအတိကျ မရသေးဘူး။ တိုက်ပွဲလည်း ဖြစ်တာလည်းမရှိဘဲ အနီးအနား ရွာတွေမှာ စစ်ကောင်စီတပ်က ကင်းပုန်းတွေ ချထားတော့ ရွာရှစ်ရွာလောက်က ပြည်သူ သုံးထောင်ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေရတာပါ”

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ရေဦးမြို့နယ်နဲ့ ဒီပဲယင်း မြို့နယ်အစပ်ကရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခဲ့လို့ လူလေးထောင်လောက် တိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ရေး ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် နှစ် ဒသမ ခြောက်သန်းကျော်ရှိနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့အထိ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။