ဒီပဲယင်းမြို့နယ် နဂါးတွင်းရွာသား ခြောက်ယောက် အသတ်ခံရ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် နဂါးတွင်းရွာမှာ အသတ်ခံထားရတဲ့ရွာသား ခြောက်ယောက်ကို ဒီဇင်ဘာ ၁၁ ရက် မနေ့က တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခြောက်ယောက်မှာ တစ်ယောက်က ရိုက်နှက်ဒဏ်ရာတွေနဲ့ သေဆုံးနေပြီး ငါးယောက်ကတော့ သေနတ် ဒဏ်ရာတွေနဲ့ သေဆုံးနေတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတယောက်က ပြောပါတယ်။
"ပထမ အလောင်းလေးလောင်းကို အရင်တွေ့ရတယ်။ နောက်ထပ် နှစ်လောင်းတွေ့ရတယ်။ အသက် ၃၀ ကနေ ၆၀ လောက်ထိပါတယ်။ အကုန်လုံးက ရွာသားတွေပါ။ ကာကွယ်ရေးတပ်သားတွေ မဟုတ်ဘူး။ စစ်သားတွေလာတဲ့အချိန် ရွာထဲကနေ မထွက်နိုင်ပဲ ကျန်နေခဲ့ကြတဲ့သူတွေ၊ မနေ့က သူတို့ မရှိတော့ဘူးဆိုပြီး ရွာကပြန်ဝင်တော့သိကြရတာ"
ဖောင်ပြင်မြို့အခြေစိုက် ခမရ ၃၆၈ က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဒီပဲယင်းမြို့နယ် အနောက်ခြမ်းကို ဒီဇင်ဘာ ၁၀ ရက်က ဝင်ရောက်လာပြီး နဂါးတွင်းရွာမှာ ညအိပ်တပ်စွဲခဲ့ပြီး မနေ့ကတော့ ပြန်ထွက်သွားကြတယ်လို့ အဲဒီဒေသခံက ဆိုပါတယ်။
စစ်ကောင်စီ တပ်တွေ ရွာထဲဝင်လာလို့ ရွာသားတွေလည်း ထွက်ပြေးကုန်ကြတာဖြစ်ပြီး တချို့က ရွာ ထဲမှာ ကျန်နေခဲ့ကြရာကနေ ရွာသားခြောက်ယောက် အသတ်ခံလိုက်ရတာလို့ ပြောပါတယ်။
သေဆုံးခဲ့တဲ့ ရွာသားတွေကတော့ ကိုမိုး (၄၀) နှစ်၊ ကိုတိုး (၄၀) နှစ်၊ ကိုကံညွန့် (၆၀) ၊ ကိုကျော်ဝင်း (၆၀) နှစ်၊ ကိုသန်းထွေး (၅၀) နှစ် နဲ့ ကိုဇော်ဝင်း (၃၀) နှစ် တို့ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၂ ရက် ဒီကနေ့လည်း စစ်ကောင်စီတပ်တွေဟာ အင်ပုတ်ရွာကို ရောက်ရှိတပ်စွဲနေပြီး လက်နက်ကြီးတွေနဲ့ ရွာပတ်ဝန်းကျင်ကို လှမ်းပြီးပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။