မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံ ကိုယ်စားလှယ် အမေရိကန် လွှတ်တော်က အတည်ပြု
2011.08.04

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန
သံအမတ်ကြီး အဆင့်နဲ့ ညီမျှတဲ့ ဒီရာထူး မှာ တာဝန် ထမ်းဆောင်မယ့် Mr Derek Mitchell ဟာ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံ ကိုယ်စားလှယ် အဖြစ် စစ်တပ်တစ်ပိုင်း မြန်မာအစိုးရကို ချဉ်းကပ်ရာမှာ ရှေ့တန်းက ပါဝင်မယ့် အပြင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့လည်း တိုက်တွန်းမှာ ဖြစ်ပါတယ်။
အာရှရေးရာ အထူးသဖြင့် တရုတ်နဲ့ဂျပန်ရေးရာ ကျွမ်းကျင်သူ တဦးဖြစ်သူ Mr Derek Mitchell ဟာ အမေရိကန် ပြည်ထောင်စု ရဲ့ အရင်အစိုးရ အဖွဲ့တွေမှာ အာရှပိစိဖိတ် ဒေသဆိုင်ရာ ဒုတိယ လက်ထောက် ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ဖူးသူ တဦး ဖြစ်ပါတယ်။
ဒါ့အပြင် CSIS ခေါ် ဝါရှင်တန် အခြေစိုက် အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာ လေ့လာရေးသိပ္ပံရဲ့ အာရှရေးရာ အစီအစဉ် ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။ နန်ကင်း တက္ကသိုလ်မှာ တရုတ်ဘာသာ စကားကို ဆည်းပူး လေ့လာခဲ့ ပြီး တရုတ်စကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သူ တဦး ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့အမေရိကန် ဆက်ဆံရေးမှာ ပိတ်ဆို့ အရေးယူမှုတွေ လျှော့ချ ပေးဖို့အတွက် လိုအပ်ချက် အနေနဲ့ အမေရိကန် ပြည်ထောင်စုဘက်က တောင်းဆိုနေတာ ကတော့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ အတိုက်အခံ အားလုံးနဲ့ ပြန်လည် ရင်ကြားစေ့ရေး ဖြစ်ပါတယ်။