ထင်ရှားတဲ့ ပြောင်းလဲမှု လိုအပ်ကြောင်း အမေရိကန် ကိုယ်စားလှယ် ပြောကြား

မြန်မာနိုင်ငံမှာ သိသာ ထင်ရှားတဲ့ ပြောင်းလဲ တိုးတက်မှုတွေ ပေါ်ပေါက်မှသာ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ မိမိတို့ အမေရိကန် အစိုးရအနေနဲ့ စဉ်းစားမှာ ဖြစ်ကြောင်း ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchell က ဒီကနေ့ ပြောဆို လိုက်ပါတယ်။

2011.09.13
derek-in-burma1-305 ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchell နှင့်အဖွဲ့ NLD ပါတီက ဖွင့်ထားသည့် AIDS/HIV ဂေဟာသို့ သွားရောက် တွေ့ဆုံစဉ်။
Photo: RFA

NDF ပါတီ ၊ ဒီမိုကရက်တစ် ပါတီမြန်မာပြည် အစရှိတဲ့ နိုင်ငံရေးပါတီတွေ တိုင်းရင်းသား ပါတီတွေက ခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့မှာ ဒီကနေ့ တွေ့ဆုံရာမှာ အခုလို ပြောကြားခဲ့တာပါ။

အဲဒီတွေ့ဆုံပွဲမှာ Mr. Derek Mitchell က လက်ရှိ မြန်မာ့နိုင်ငံရေး ဆိုင်ရာ သူ့ရဲ့ အမြင်တွေကို ပြောဆိုခဲ့သလို မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေတွေကို မေးမြန်းခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

“သူပြောတာကတော့ မြန်မာနိုင်ငံ အပြောင်းအလဲတွေ တွေ့နေရတာ အားတက်တယ်ပေါ့။ ဆက်ပြီးတော့ အပြောင်းအလဲတွေ ပိုကောင်းလာအောင် စောင့်ကြည့်ဦးမယ်ပေါ့။ အဲသလို ပြောပါတယ်”

နိုင်ငံရေး ပါတီတွေကလဲ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ အမေရိကန် အစိုးရရဲ့ မူဝါဒနဲ့ ပတ်သက်ပြီး Mr. Derek Mitchell ကို မေးမြန်း ခဲ့ကြကြောင်း သိရပါတယ်။

သူ့အနေနဲ့ ဒီခရီးစဉ်က ရရှိတဲ့ အချက်အလက်တွေကို စုစည်းပြီး အမေရိကန် အစိုးရကို ပြန်လည် တင်ပြမှာ ဖြစ်ကြောင်း အမေရိကန် အစိုးရ အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ တိုးတက် ပြောင်းလဲမှု အခြေအနေတွေ အပေါ် ပြန်လည် သုံးသပ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ကလေးစစ်သား အဓမ္မ စုဆောင်းမှုတွေ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲဆိုတာ သိနားလည်ကြောင်း ၊ အစိုးရသစ် အနေနဲ့ ဒီကိစ္စတွေကို ထိထိ ရောက်ရောက် ကိုင်တွယ် ဖြေရှင်း နိုင်မယ် ဆိုရင် အမေရိကန် အစိုးရ အနေနဲ့ အကူအညီတွေ တိုးချဲ့ပေးဖို့ အစီအစဉ် ရှိကြောင်း Mr. Derek Mitchell က ပြောကြား ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန် အထူးကိုယ်စားလှယ်နဲ့ နိုင်ငံရေး ပါတီခေါင်းဆောင်တွေရဲ့ တွေ့ဆုံပွဲက ဆွေးနွေးမှုတွေ အကြောင်း ပါတီ ခေါင်းဆောင်တချို့ကို ဆက်သွယ် မေးမြန်းပြီး ဒေါ်ခင်ခင်အိ က တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။