မန္တလေး ကံတက်ကုန်းမစိုးရိမ်ကျောင်းက ဒေါ်အောင်ဆန်းစုကြည် ရုပ်တု ဖျက်ဆီးခံရ

2021.10.15
မန္တလေး ကံတက်ကုန်းမစိုးရိမ်ကျောင်းက ဒေါ်အောင်ဆန်းစုကြည် ရုပ်တု ဖျက်ဆီးခံရ ဖျက်ဆီးခံရတဲ့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ကံတက်ကုန်း မစိုးရိမ်ဘုန်းကြီးကျောင်းထဲက ဒေါ်အောင်ဆန်းစုကြည် ရုပ်တုကို တွေ့ရစဉ်
Photo: Citizen Journalist

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ကံတက်ကုန်း မစိုးရိမ်ဘုန်းကြီးကျောင်းထဲက ဒေါ်အောင်ဆန်းစုကြည် ရုပ်တုကို အောက်တိုဘာလ ၁၄ ရက်နေ့ မနေ့မနက် ၄ နာရီကျော်လောက်မှာ အမည်မသိအဖွဲ့တစ်ခုက ၀င်ရောက်ဖျက်ဆီးသွားတယ်လို့ ဘုန်းကြီးကျောင်းနဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။

အင်အား ၃၀ လောက်က သော့ခတ်ထားတဲ့ ကျောင်းတံခါးပေါက်ကြီးကို ဖျက်ဆီးဝင်ရောက်ပြီး အင်္ဂတေနဲ့ ပြုလုပ်ထားတဲ့ အဲဒီရုပ်တုကို တစ်မိနစ်ကျော်လောက်အတွင်း ဖျက်ဆီးသွားတာလို့ လုံခြုံရေးအရ အမည် မဖော်လိုသူတစ်ဦးက ပြောပါတယ်။

"မနက် ဝေလီဝေလင်းဆိုတော့ ကျောင်းမှာလူအကုန်လည်း မထကြသေးဘူး၊ ကိုရင်လေးတချို့ပဲ ထကြသေးတယ်၊ အရပ်ဝတ်တွေ၊ တုတ်တွေနဲ့ လူ ၃၀ လောက် အတင်းဝင်လာပြီး ရိုက်ဖျက်သွားတာ၊ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်သွားတာလို့ ပြောရမှာပေါ့၊ သူတို့ဖျက်ဆီးတယ်၊ ပြီးတော့ဗွီဒီယိုရိုက်ပြီး လိုင်းပေါ် တင်ဖြန့်တယ်၊ ဒေါ်အောင်ဆန်းစုကြည် ပုံရိပ်ကို ဖျောက်ဖျက်ပြီးတော့ ဆက်စပ်အင်အားစုတွေကို ခြိမ်းခြောက်တဲ့ သဘောပါပဲ၊ နောက်ပြီး သူတို့က ယတြာတွေလည်းလုပ်ကြတော့ အဲဒီလိုကြောင့် လုပ်တယ်လို့လည်း ယူဆရတယ်" လို့ အမည်မဖော်လိုသူက ဆိုပါတယ်။

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာတဲ့ ဗွီဒီယိုဖိုင်မှာတော့ ရုပ်တုခေါင်းကို ထုရိုက် ဖြုတ်တဲ့အပြင် ခေါင်းကိုထု၊ အောက်ပိုင်းကိုထု ဆိုတဲ့ပြောဆိုတဲ့အသံတွေပါ ကြားရပြီး ဖျက်ဆီးပြီးတာနဲ့ချက်ချင်း ထွက်ခွာ သွားကြပါတယ်။

ဘယ်အဖွဲ့ကလုပ်ဆောင်သွားလဲဆိုတာတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အဲဒီရုပ်တုဟာ ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ ၇၃ နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ၂၀၁၈ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ကံတက်ကုန်း မစိုးရိမ်ဘုန်းကြီးကျောင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကံတက်ကုန်း မစိုးရိမ်ဘုန်းကြီးကျောင်းဟာ ကျောင်းသားရာနဲ့ချီကို စာသင်ပေးနေတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖြစ်ပြီး လက်ရှိ ကိုဗစ်ကာလကြောင့် ကျောင်းပိတ်ထားလို့ ရဟန်းသံဃာနဲ့ လူအင်အား ၂၀၀ ခန့်သာ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။