မြိုင် မကြီးကန်ရွာ ဆေးရုံဖျက်ဆီးခံရပြီး ကလေးတစ်ဦး အသတ်ခံရ

RFA Burmese
2023.04.20
မြိုင် မကြီးကန်ရွာ ဆေးရုံဖျက်ဆီးခံရပြီး ကလေးတစ်ဦး အသတ်ခံရ မ‌ကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကြီးကန်ရွာ ဆေးရုံမှ ဖျက်ဆီးခံထားရသည့် မီးစက်တစ်လုံးကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က တွေ့ရစဉ်။
နွေဦးတော်လှန်ရေး - မြိုင်မြို့

မ‌ကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကြီးကန်ရွာမှာ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) က လှူဒါန်းထားတဲ့ ကျေးရွာဆေးရုံကို စစ်ကောင်စီတပ် က ဧပြီ ၁၈ ရက် မနက်ပိုင်းမှာ Mi-35 စစ်ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့သလို မြေပြင်ကနေ လည်း ရွာထဲဝင်ရောက်ပြီး ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်နဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။

Mi-35 နဲ့ ပစ်ခတ်ရုံမက Mi-17 စစ်ရဟတ်ယာဉ်နဲ့ စစ်သားတွေချ၊ မြေပြင်ကနေလည်း ရွာကို ဝင်ရောက်လာပြီး အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးကို ပစ်သတ်ရုံမက ရွာသား ၃၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြေပြင်က ဝင်လာတဲ့ တပ်ဖွဲ့တွေမှာ ပျူစောထီးအဖွဲ့ဝင်တွေပါ ပူးပေါင်းလိုက်ပါလာတယ်လို့ ဆိုပါတယ်။

အဲဒီဆေးရုံဟာ မြို့နယ်အဆင့်ဆေးရုံလိုမျိုး အဆောက်အအုံကောင်းမွန်ပြီး ပစ်ခတ် ခံရချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူနာတွေအပါအဝင် စုစုပေါင်း လူ ၂၀၀ ကျော် ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါဟာ စစ်ကောင်စီတပ်က ကမ္ဘာကြီးတစ်ခုလုံးကို ပြသလိုက်တဲ့ နောက်ထပ် အကြမ်းဖက်မှု တစ်ခုဖြစ်ပြီး ဒီလုပ်ရပ်အတွက် တာဝန်ခံရလိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က RFA ကို ပြောပါတယ်။

"အဲဒီ ဆေးရုံဆိုရင် ဂျပန်နိုင်ငံ (JICA) ရဲ့ အကူအညီနဲ့ ဖွင့်ထားတဲ့ ဆေးရုံဖြစ်တယ်။ အဲဒါ ၂၀၁၄ ခုနှစ်က ဖွင့်ထားတာ၊ ကမ္ပည်းထိုးထားတာရှိတယ်။ အဲဒါပါ မီးရှို့ဖျက်ဆီး သွားတယ်။ ဒီဟာက အကြမ်းဖက်လုပ်ရပ်က ဘယ်လောက်အထိ ဆိုးဆိုးရွားရွား သူတို့လုပ်နေလဲဆိုတာ ကမ္ဘာကို ထပ်ဆင့် သက်သေပြလိုက်တာ ဖြစ်တယ်"

စစ်ပွဲအတွင်းမှာ ဆေးရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်လို့မရ သလို မြန်မာပြည်သူတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ဖို့ ဂျပန်နိုင်ငံက လှူဒါန်းထားတဲ့ ဆေးရုံကို တိုက်ခိုက် ဖျက်ဆီးတာဟာ ဂျပန်အစိုးရနဲ့ ဂျပန်ပြည်သူလူထုကိုပါ မလေးစားတာ ဖြစ်တယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။

သူတို့အနေနဲ့ ကြိုတင်သတင်းရလို့ လူနာအချို့ကို ပြောင်းရွှေ့နိုင်ခဲ့ပေမယ့် ကျန်းမာရေး ဝန်ထမ်းတွေ၊ လူနာတွေနဲ့ ရွာသားတချို့ ဖမ်းဆီးခံလိုက်ရတယ်လို့ သူက ဆိုပါတယ်။

အဖမ်းခံရသူတွေရဲ့ အမည်၊ အသက်အရွယ်နဲ့ အရေအတွက် အတိအကျကို စာရင်းကောက်ယူနေဆဲလို့ ဦးကျော်ဇော်က ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဧပြီလ ၁၉ ရက်နေ့မှာ မကြီးကန်ရွာက ဆေးရုံ၊ လူနေအိမ် လေးလုံးနဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးပြီး ကန်နီရွာကို ထွက်ခွာချိန် ရွာသား ၁၄ ယောက်ကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က မကြီးကန်ရွာက ပြန်ထွက်ချိန်မှာ အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသား တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မကြီးကန်မှာတော့ မနေ့က ကိုးတန်းကျောင်းသားလေး တစ်ယောက် စစ်ရှောင်ရင်းနဲ့ မိသွားပြီးတော့မှ ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့တဲ့ တစ်ယောက် ရှိခဲ့တယ်။ ဆေးရုံလည်း မီးရှို့ခဲ့တယ်။ ဆေးရုံရဲ့ အနီးတစ်ဝိုက် နောက်ကျောဘက်မှာ ရှိတဲ့ အိမ်လေးလုံးကိုလည်း မီးရှို့ခဲ့တယ်ပေါ့။ ပစ္စည်းသယ်ယူရာမှာ လမ်း ထမ်းဖို့၊ ပိုးဖို့ဆိုပြီး ရွာသား ၁၄ ယောက်ကို ခေါ်သွားသေးတယ်"

လက်ရှိအချိန်အထိ စစ်ကောင်စီက ဖမ်းဆီးသွားသူတွေ ပြန်လွတ်မလာသေးဘူးလို့ သူက ပြောပါတယ်။

ဧပြီလ ၁၉ ရက် မြန်မာ့အလင်းသတင်းစာမှာတော့ မြိုင်မြို့နယ်၊ မကြီးကန်နဲ့ ကန်ကြီးရွာတွေမှာ PDF အဖွဲ့တွေ နေထိုင်တယ်လို့ သတင်းရတာကြောင့် ဧပြီလ ၁၈ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ရွာထဲမှာ PDF အဖွဲ့တွေနဲ့ ပတ်သက်ဆက်နွှယ်နိုင်တယ်လို့ ယူဆရသူ အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၂၀ ဦး၊ စုစုပေါင်း လူ ၃၀ ကို စစ်ဆေးဖို့ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

မကြီးကန်ရွာ ကျေးလက်ဆေးပေးခန်းကနေ စစ်လက်နက်ပစ္စည်းတွေကို သိမ်းဆည်း ရမိခဲ့သလို ကန်ကြီးကျေးရွာ စာသင်ကျောင်းအတွင်းကလည်း မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီသတင်းစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။