NLD ဆိုင်းဘုတ်ဖျက်ဆီးခံရ
2015.09.17

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ဗီနိုင်းပိုစတေကာကို ပြီးခဲ့တဲ့နှစ်ရက်လောက်က ဖျက်ဆီးခံလိုက်ရတယ်လို့ ပါတီကိုယ်စားလှယ်လောင်းတွေ က ပြောပါတယ်။
ရမ်းဗြဲမြို့ပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆွယ်စည်းရုံးတဲ့ ဗီနိုင်းပိုစတာကြီး နှစ်ခု ထောင်ထားတဲ့အထဲက တစ်ခုကို ဖျက်ဆီးသွားတာလို့ ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်လောင်း ဦးစံရွှေမောင်က ပြောပါတယ်။
"အကုန်စုတ်ပြတ်သွားတာပေါ့၊ ကျနော်တို့က ခွပ်ဒေါင်းကိုကွပ်ပြီးတော့ လေးထောင့်ကွပ်ပြီးတော့ လုပ်သွား တာရှိတယ်၊ ဘေးနားကထောင့်ကနေပြီးတော့ ကိုယ်စားလှယ်လောင်းတွေက လည်ပင်းပြတ်လိုပြတ် အဲ့ဒီလို ဓါးနဲ့ခြစ်ထားခဲ့တာ၊ အကုန်လုံးနီးပါးပါပဲ ဘာမှသုံးစားလို့မရတော့ဘူး၊ ကျနော်က ဗီနိုင်း ၂ ချပ်ပဲ မြို့ပေါ်မှာ ကပ်ထားတာ၊ စက်ရုံနောက်နားမှာ ၁ ခုရယ် အင်းတောင်တံတားနားမှာ ၁ ခုရယ်၊ မြို့နယ်ရဲစခန်းနား က ကြော်ငြာပိုစတာကြီးကတော့ ဘာမှမဖြစ်ဘူး၊ ဒီဘက်ကကျတော့ လုံခြုံမှုနည်းနည်းကင်းတာပေါ့လေ"
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပေမယ့် ဘယ်သူတွေ ဖျက်ဆီးသွားတယ်ဆိုတာကို မသိရသေးဘူးလို့ ဦးစံရွှေမောင်က ပြောပါတယ်။
ဖျက်ဆီးခံရတဲ့ ဗီနိုင်းပိုစတာကြီးဟာ ၈ ပေ၊ ၆ ပေ အကျယ်ရှိပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က စတင်စိုက်ထူခဲ့တာလို့သိရပါတယ်။
အဲ့ဒီပိုစတာထဲမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရမ်းဗြဲမြို့နယ်က ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စား လှယ်လောင်းတွေရဲ့ ပုံတွေပါဝင်ပြီး လာမယ့် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီကို မဲပေးကြဖို့ တိုက်တွန်း ထားတဲ့ စာသားတွေ ရေးသားထားတာလို့ သိရပါတယ်။
ဒီအတောအတွင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်ကို မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် လာမယ့်အောက်တိုဘာလလယ်မှာ သွားရောက်မှာဖြစ်ပါတယ်။ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အမြင်တွေကို RFA အဖွဲ့သူ မခင်ခင်အိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။