မင်းတပ်နဲ့ ပလက်၀မှာ ဝမ်းရောဂါကြောင့် သေဆုံးသူ ခုနစ်ဦးခန့်ရှိလာ
2024.06.18
ချင်းပြည်နယ် ပလက်၀နဲ့ မင်းတပ်မြို့နယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်မှုကြောင့် သေဆုံးသူ ခုနစ်ဦးထက်မနည်းရှိလာပြီး ကူးစက်မှုနှုန်းများတဲ့ရွာတွေမှာ ဝမ်းရောဂါထပ်မံပျံ့နှံ့မှုမရှိစေဖို့ အသွားအလာ ကန့်သတ်တာတွေ လုပ်ထားရတယ်လို့ ဒေသခံတွေက ဇွန်လ ၁၈ ရက်နေ့မှာ ပြောပါတယ်။
မင်းတပ်၊ ပလက်၀၊ ကန်ပက်လက်နဲ့ မတူပီစတဲ့ လေးမြို့နယ်အစပ်က ရွာတွေမှာ ရောဂါကူးစက်မှုတွေရှိနေပြီး လက်ရှိမှာ ပလက်၀မြို့နယ် ထိန်းခေါင်းရွာက ဒေသခံ ငါးဦး၊ မင်းတပ်မြို့နယ် အောက်ချိုင်ရွာက ဒေသခံ နှစ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ကန်ပက်လက်မြို့နယ် မကြားအိမ်နူးရွာမှာလည်း သေဆုံးမှုတွေရှိနေပြီး သေဆုံးတဲ့အရေအတွက်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဝမ်းရောဂါ ထပ်မံကူးစက်ပြန့်ပွားမှုတွေကို ထိန်းချုပ်နိုင်ဖို့ မင်းတပ်မြို့နယ်ထဲက ရွာတွေမှာတော့ အသွားအလာ ကန့်သတ်ထားတယ်လို့ မင်းတပ် ဒေသခံတစ်ဦးက ပြောပါတယ်။
“ပလက်၀မြို့နယ်ကနေ စဖြစ်တာလို့ ပြောလို့ရတယ်။ ကာလဝမ်းရောဂါ ပုံစံမျိုး စဖြစ်တယ်။ ကျွန်တာ်တို့ မင်းတပ်မြို့နယ်ထဲကို ရောက်လာပြီး အောက်ချိုင်ရွာမှာ စဖြစ်တယ်။ အိမ်ထောင်စု သုံးအိမ်ထောင်စုမှာဖြစ်ပြီး တစ်အိမ်ထောင်စုတည်းက မိသားစုဝင်နှစ်ဦး ဆုံးသွားတယ်။ လက်ရှိမှာ မင်းတပ်မြို့နယ်ထဲက ရွာအချို့ကို Lock Down ချထားတယ်”
ချင်းကျန်းမာရေးအဖွဲ့ (CHO) ကတော့ ဝမ်းရောဂါကြောင့်သေဆုံးသူဟာ ၁၄ ဦးခန့်ရှိတယ်လို့ ဇွန်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပြီး အသေးစိတ်သိနိုင်ဖို့အတွက်လည်း RFA က CHO ကို ဆက်သွယ်နေပါတယ်။
ဝမ်းရောဂါဖြစ်ပွားနေပေမဲ့ တိုက်ပွဲတွေဖြစ်နေတာနဲ့ လမ်းခရီးမှာ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးမှုတွေကြောင့် ဆေးဝါးရရှိမှုကလည်း ခက်ခဲနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုက စစ်ဘေးရှောင်ဦးရေက အဆမတန် များပြားလာပါတယ်။ မတူပီမြို့ပေါ်က တချို့ကလည်း မင်းတပ်မြို့ထဲ စစ်ဘေးရှောင်လာတာတွေရှိတယ်။ မိုးဦးရာသီဆိုတော့ ဝမ်းလျှော၊ ဝမ်းပျက် အရမ်းများတယ်။ ဆေးဝါးဝယ်ယူဖို့ကလည်း ဆေးဆိုင်က မရှိဘူး။ ဆေးဝါးတွေဆိုရင် စစ်ဆေးမေးမြန်းမှု တအားများလို့ တော်ရုံမသယ်ရဲကြဘူး။ ဆေးဝါးတွေ အခက်အခဲဖြစ်တယ်”
ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလအတွင်းမှာလည်း ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ သောက်သုံးရေပြတ်လပ်မှုနဲ့အတူ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားပြီး လူသုံးဦးထက်မနည်း သေဆုံးခဲ့သလို လူရာနဲ့ချီပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။