မင်းတပ်မြို့နယ် ရွာကိုးရွာမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်နေ

RFA Burmese
2024.06.17
မင်းတပ်မြို့နယ် ရွာကိုးရွာမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်နေ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို တွေ့ရစဉ်။
Facebook/ Chin World

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ရွာပေါင်းကိုးရွာခန့်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်မှုတွေရှိနေပြီး လူသေဆုံးမှုတွေအထိ ရှိနေတယ်လို့ ဒေသခံတွေက ဇွန်လ ၁၇ ရက်နေ့မှာ ပြောပါတယ်။

အဲဒီရွာတွေမှာ နေထိုင်သူ လူဦးရေ ရှစ်ရာကျော်ရှိပြီး ကူးစက်ခံထားရသူ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။ ဒီရက်ပိုင်းအတွင်းမှာပဲ မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၁၃) က အောက်ချိုင်ရွာမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဒေသခံနှစ်ဦး သေဆုံးခဲ့တယ်လို့ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုယောမန်က RFA ကို ပြောပါတယ်။

"ဝေးလန်တဲ့နေရာတွေမှာ ဖြစ်တာများတယ်။ မင်းတပ်မြို့နယ်မှာ ရွာပေါင်းကိုးရွာလောက်မှာ ဝမ်း‌ရောဂါ ခံစားနေရတယ်။ အခုကတော့ နည်းနည်းလျော့သွားတယ်။ ပလက်၀မှာလည်း ၀မ်းရောဂါဖြစ်နေကြတယ်၊ သေဆုံးမှုလည်း ရှိတယ်။ အရေအတွက် မသိရှိရဘူး"

ဝမ်းရောဂါ ကူးစက်ပြန့်ပွားနေပေမယ့် ကုသဖို့ ဆေးဝါးလုံလောက်မှုမရှိတာကြောင့် ဆေးမြီးတိုတွေနဲ့ပဲ ကုသနေရတယ်လို့ မင်းတပ်ဒေသခံတစ်ဦးက ပြောပါတယ်။

“ဆေးဝါးမလုံလောက်တာ၊ ဆရာဝန် ဆရာမတွေ မရှိတာတွေကြောင့်လည်းပါတယ်။ အဓိကတော့ ဆေးဝါမရှိတာကြောင့် ဆေးမြီးတိုနဲ့ ကုနေရတာပေါ့။ ဖြစ်တာတော့ များတယ်”

မင်းတပ်မြို့နယ်က ဒေသခံတွေအားထားရတဲ့ ဝမ္မသူးဆေးရုံကတော့ ဧပြီလ ၂၅ ရက်နေ့မှာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဆေးရုံတစ်ခုလုံး ပျက်စီးခဲ့ပြီး အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလအတွင်းမှာလည်း ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ သောက်သုံးရေပြတ်လတ်မှုနဲ့အတူ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားပြီး လူသုံးဦးထက်မနည်း သေဆုံးခဲ့သလို လူရာနဲ့ချီပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။