လွိုင်ကော်မှာ နိုဝင်ဘာလ ၁၄ တစ်ရက်တည်း အရပ်သား ၁၉ ဦးသေဆုံး

RFA Burmese
2023.11.15
လွိုင်ကော်မှာ နိုဝင်ဘာလ ၁၄ တစ်ရက်တည်း အရပ်သား ၁၉ ဦးသေဆုံး လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်ရဲ့ လေကြောင်းရော လက်နက်ကြီးရော ပစ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်နေ့က တွေ့ရစဉ်။
KnHRG

တိုက်ပွဲ ပြင်းထန်နေတဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ နိုဝင်ဘာ ၁၄ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းရော လက်နက်ကြီး ပစ်ခတ်မှုကြောင့် တစ်ရက်တည်း ဒေသခံ ၁၉ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီ လူ့ အခွင့်အရေးအဖွဲ့ (KnHRG) က နိုဝင်ဘာလ ၁၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့က ၁၃ ရက်နေ့အထိ ကယားပြည်နယ် လွိုင်ကော်နဲ့ ကယားနဲ့ ရှမ်း အစပ်မှာရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနဲ့ မိုးဗြဲမှာ သေဆုံးတဲ့ အရပ်သား နှစ်ဆယ်ဦး ရှိတယ်လို့ KnHRG က နိုဝင်ဘာလ ၁၄ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် တစ်လေးလုံး စစ်ဆင်ရေး စတင်ခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့ အထိ လေးရက်အတွင်း သေဆုံးတဲ့ အရပ်သား ၃၉ ဦးရှိပြီ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၄ ရက် မနေ့က စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ၁၄ ဦး သေဆုံးခဲ့ပြီး လက်နက်ကြီးကြောင့် နှစ်ဦး၊ လက်နက်ငယ် ပစ်ခတ်မှုကြောင့် သုံးဦး သေဆုံးခဲ့တာလို့ ဖော်ပြထားပါတယ်။

မနေ့က သေဆုံးသူတွေထဲမှာ အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ခုနစ်ဦးအပြင် ကလေးငယ် သုံးဦး ပါဝင်တယ်လို့ KnHRG က ဆိုပါတယ်။

လွိုင်ကော်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် လေကြောင်းကပါ တိုက်ခိုက် နေတာကြောင့် အခုလို ထိခိုက်သေဆုံးတာလို့ KnHRG က ပြောပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့က စဖြစ်တဲ့တိုက်ပွဲကြောင့် လွိုင်ကော်မြို့မှာ ဒေသခံတွေ ပိတ်မိ နေပြီး နေ့စဉ် အနည်းငယ် ရွှေ့ပြောင်းနေပေမယ့် သုံးသောင်းကျော်လောက် ကျန်နေသေး တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) တည်ထောင်သူ ကိုဗညားက RFA ကို ပြောပါတယ်။

“စစ်ကောင်စီက လူထုကို မြို့ကို စွန့်ခွာခွင့် မပေးဘူးပေါ့။ တချို့ရက်တွေဆိုရင် ရပ်ကွက် ချင်းတောင် ကူးခွင့် မပေးဘူးပေါ့။ နောက် မြို့ပြင်မှာရှိနေတဲ့ ရပ်ကွက်က လူတွေကို အတင်း မြို့ထဲကို ရွှေ့ခိုင်းတာတွေ လုပ်ပြီးတော့ မြို့ထဲမှာ ပိတ်ထားတာပေါ့။ ရှင်းရှင်း ပြောရရင် လူသားဒိုင်း လုပ်လိုက်တာ”

နိုဝင်ဘာလ ၁၅ ရက် ဒီနေ့တော့ လွိုင်ကော်မှာ တိုက်ပွဲဖြစ်တာ မရှိသေးပေမယ့် စစ်ကောင်စီ တပ်က လေကြောင်း တိုက်ခိုက်မှု ဆက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရပ်သားတွေ ထိခိုက်သေဆုံးတာနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမြင့်ကြည် ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ လွိုင်ကော်မှာ တိုက်ပွဲတွေ ဖြစ်နေပြီး ကရင်နီတပ်တွေဟာ တက္ကသိုလ်ကို တိုက်ခိုက်ခဲ့ကြောင်းနဲ့ ပညာရေး ဝန်ထမ်းတွေကို ဓားစာခံအဖြစ် ခေါ်ဖို့ကြိုးစားခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ သတင်းစာတွေကတစ်ဆင့် နိုဝင်ဘာလ ၁၄ ရက်မှာ ပြောခဲ့ပါတယ်။

ဒါပေမဲ့ အရပ်သားတွေ ထိခိုက်သေဆုံးမှုကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်တွေဟာ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ နဲ့အတူ ဆိုပြီး နိုဝင်ဘာလ ၁၁ ရက်နေ့က ကယားပြည်နယ်အတွင်း တစ်လေးလုံး (၁၁၁၁) စစ်ဆေးရေး စတင်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။