ကလေးမြို့မှာ ဓမ္မကျမ်းစာကျောင်းသားတစ်ဦး စစ်ကြောရေးမှာ သေဆုံး

RFA Burmese
2024.02.15
ကလေးမြို့မှာ ဓမ္မကျမ်းစာကျောင်းသားတစ်ဦး စစ်ကြောရေးမှာ သေဆုံး စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ သေဆုံးသွားသူဖြစ်သည့် ဆလိုင်းစတီဗင်ကျင်လမ့်ခိုင်အား တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ခရစ်ယာန်ဓမ္မကျမ်းစာကျောင်း တက်ရောက်နေတဲ့ ချင်းအမျိုးသားတစ်ဦး ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီးနောက် စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ မိသားစုဝင်တွေ က RFA ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပြောပါတယ်။

သေဆုံးသူဟာ အသက် ၂၅ နှစ်အရွယ် ဆလိုင်းစတီဗင်ကျင်လမ့်ခိုင် ဖြစ်ပြီး ဓမ္မအမှုဆောင်လုပ်ဖို့အတွက် ကလေးမြို့မှာ ကျမ်းစာကျောင်း တက်ရောက်နေသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စစ်ကောင်စီတပ်က သူ့ရဲ့ ရုပ်အလောင်းကို ကလေးမြို့ ပြည်သူ့ဆေးရုံရဲ့ ရင်ခွဲရုံကို ပို့ဆောင်ပြီး မီးသင်္ဂြိုဟ်လိုက်ကြတာလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။

"၁ဝ ရက်နေ့နဲ့ ၁၁ ရက်နေ့ က စနေ၊ တနင်္ဂနွေဆိုတော့ ကျောင်းက အပြင်ထွက်ခွင့်ပေးတာ။ သူက အပြင်ထွက်တာပေါ့လေ။ ၁၂ ရက်နေ့ တနင်္လာနေ့မှာ ကျောင်းပြန်မလာတော့ အိမ်ကိုပြန်သလားဆိုပြီး အိမ်ကိုလည်း လှမ်းမေးတယ်။ မရောက်ဘူးဆိုတော့ အဲဒီမှာ အားလုံးလိုက်ရှာကြ၊ စုံစမ်းကြတာပေါ့လေ။ နောက်ဆုံးမှာ ဆေးရုံမှာများ ရှိနေမလားဆိုပြီး စုံစမ်းတော့ ဆေးရုံမှာ ၁၂ ရက်နေ့ မနက်က ယူသွားတဲ့ အလောင်းတစ်လောင်းပဲ ရှိတယ်လို့ ပြောတယ်။ အဲဒီအလောင်းရဲ့ ဓာတ်ပုံကို တောင်းကြည့်တော့ သူဖြစ်နေတာ"

မိသားစုဝင်တွေက သူ့ရဲ့ရုပ်အလောင်းကို ကြည့်ရှုခွင့်မရခဲ့သလို မီးသင်္ဂြိုဟ်တာကိုလည်း မသိလိုက်ရဘဲ အရိုးပြာအနည်းငယ်ကိုသာ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆလိုင်းစတီဗင်ကျင်လမ့်ခိုင်ရဲ့ ရုပ်အလောင်း ဓာတ်ပုံမှတ်တမ်းတွေအရ ခန္ဓာကိုယ်မှာ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူ နောက်တစ်ဦးက RFA ကိုပြောပါတယ်။

"သူက အက်ဆိဒန့်ဖြစ်ပြီး ဆုံးသွားတာ၊ အလောင်းပုံကိုလည်း လိုင်းပေါ်မတင်ရဘူး၊ ဘယ်သူ့ကိုမှလည်း မပေးရဘူးဆိုပြီးပြောတယ်။ အလောင်းကို သင်္ဂြိုဟ်တာတောင်မှ မသိလိုက်ရဘူး။ ပြာနည်းနည်းပဲ ရလိုက်တယ်။ အလောင်းရဲ့ ဓာတ်ပုံကို ကြည့်ရတာ ခန္ဓာကိုယ်မှာ အညိုအမဲတွေစွဲနေတဲ့နေရာတွေ အများကြီးပဲ။ ဆိုင်ကယ်မှောက်လို့ရထားတဲ့ ဒဏ်ရာနဲ့ တူတာတစ်ခုမှ မရှိဘူး"

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ တုံ့ပြန်မှုရရှိဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

သေဆုံးသူ ဆလိုင်းစတီဗင်ကျင်လမ့်ခိုင်ရဲ့ အရိုးပြာကို ကလေးမြို့မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ခရစ်ယာန် ဓလေ့ထုံးတမ်းအတိုင်း မြေမြှုပ်သင်္ဂြိုဟ်ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။