ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေ စားဝတ်နေရေး အခက်အခဲရှိနေ
2019.06.12

ရှမ်းပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ထိုင်း-မြန်မာနယ်စပ်က စစ်ဘေးဒုက္ခသည်စခန်း ခြောက်ခုမှာ ခိုလှုံနေတဲ့ ဒုက္ခသည် ၆၀၀၀ ကျော်အတွက် စားဝတ်နေရေး အခက်အခဲရှိနေတယ်လို့ ဒုက္ခသည်စခန်း တာဝန်ရှိသူတွေနဲ့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေကို နယ်စပ်ဒေသ ကူညီပေးရေး ညွန့်ပေါင်းအဖွဲ့ (TBC) က ကူညီထောက်ပံ့မှုတွေကို ဖြတ်တောက်လိုက်တာကြောင့် ဒုက္ခသည်တွေ စားသောက်ရေး အခက်အခဲဖြစ်နေတာဖြစ်ကြောင်း ရှမ်းပြည်နယ် ဒုက္ခသည်များဆိုင်ရာကော်မတီက ဦးစိုင်းလျဲန်း ပြောပါတယ်။
ဒုက္ခသည်တွေကို ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ရှမ်းတိုင်းရင်းသားတွေနဲ့ နိုင်ငံခြားသားတချို့က တတ်နိုင်သလောက် ကူညီပံ့ပိုးမှုတွေရှိပေမယ့် လုံလောက်မှုမရှိဘဲ အခက်အခဲဖြစ်နေတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ထိုင်း-မြန်မာနယ်စပ်က ကောင်းမုံမိန်း၊ လွိုင်တိုင်းလျန်း၊ လွိုင်လမ်၊ လွိုင်ဆမ်ဆစ်၊ လွိုင်ကော်ဝမ်းနဲ့ ကုန်းကျော် ဒုက္ခသည်စခန်းတွေကို နယ်စပ်ဒေသ ကူညီပေးရေး ညွန့်ပေါင်းအဖွဲ့ (TBC) က စာနပ်ရိက္ခာ ကူညီထောက်ပံ့ခဲ့ပေမယ့် ၂၀၁၇ ခုနှစ် အောက်တိုဘာလကုန်ကစလို့ ကူညီထောက်ပံ့မှုတွေ ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။
ဒီလို ဖြတ်တောက်လိုက်တာတွေနဲ့ ပတ်သက်ပြီး TBC ကို RFA က ဆက်သွယ်မေးမြန်းရာမှာ တာဝန်ခံဖြေကြားပေးနိုင်မယ့်သူတွေ ခရီးသွားနေတာကြောင့် အဆက်အသွယ် မရခဲ့ပါဘူး။
ထိုင်း-မြန်မာနယ်စပ်က ရှမ်းဒုက္ခသည်စခန်း နဲ့ ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ (IDPs) စခန်းတွေဟာ ၁၉၉၉ ခုနှစ်မှာ စတင်ပေါ်ပေါက်လာခဲ့ပြီး အဲဒီစခန်းက ဒုက္ခသည်တွေဟာ ၁၉၉၆၊ ၁၉၉၈ ခုနှစ်က ရှမ်းပြည်နယ်အတွင်း အရင်စစ်အစိုးရနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းတာ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသူတွေဖြစ်တယ်လို့ သိရပါတယ်။
လောလောဆယ်မှာတော့ မိသားစ ုစားဝတ်နေရေး ပြေလည်နိုင်ဖို့အတွက် နယ်စပ်ဒေသမှာရှိတဲ့ နေ့စားအလုပ်တွေကို ရှာဖွေလုပ်ကိုင်နေတာမျိုးရှိသလို မြန်မာနိုင်ငံဘက်ခြမ်းမှာ တစ်နိုင်တစ်ပိုင် တောင်ယာအလုပ် လုပ်ကိုင်နေကြသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ဦးအောင်မိုးမြင့် ပေးပို့တာပါ။