မြန်မာဘက်ခြမ်းမှာ တရုတ်က မြေလာတူးတဲ့ကိစ္စ ကန့်ကွက်စာပို့မည်


2018.09.19
digging-622 မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် ဖိုင်းကောင်းရွာနဲ့တရုတ်နိုင်ငံနယ်စပ် မြန်မာဘက်အခြမ်းမှာ တရုတ်နိုင်ငံ လုံခြုံရေးဝတ်စုံ ဝတ်ဆင်ထားသူတွေ ၂၀၁၈၊ စက်တင်ဘာ ၁၉ မနက်က မြေကုတ်ယာဉ်နဲ့မြောင်းတွေ လာတူးနေတာကို တွေ့ရစဉ်
Photo: Nammye Hpauyam

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ်က ဖိုင်းကောင်းရွာနဲ့တရုတ်နိုင်ငံနယ်စပ် မြန်မာဘက်ခြမ်းမှာ တရုတ်နိုင်ငံ လုံခြုံရေးဝတ်စုံ ဝတ်ဆင်ထားသူတွေဟာ ဒီနေ့မနက်အစောပိုင်းက မြေကုတ်ယာဉ်နဲ့မြောင်းတွေ လာတူးနေကြောင်း သတင်းရတဲ့အတွက် သွားရောက်ဟန့်တားခဲ့ပြီး တရုတ် ပြည်ပရေးရာဌာနကို ကန့်ကွက်စာ ပေးပို့သွားမယ်လို့ မူဆယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တရုတ်နိုင်ငံဘက်က ဘာမှ အကြောင်းကြားထားတာ မရှိတဲ့အတွက် ဆက်မလုပ်ဖို့ တားမြစ်ခဲ့ရာမှာ လုပ်ငန်းတွေ ရပ်သွားတယ်လို့သွားရောက်ဟန့်တားရာမှာ ပါဝင်တဲ့ မူဆယ်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုး က RFA ကို ပြောပါတယ်။

အခုလို တရုတ်ဘက်က လာရောက်မြေတူးဖော်မှုဟာ ဘာလုပ်ဖို့ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ မူဆယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးက RFA ကို ပြောပါတယ်။

ဖိုင်းကောင်းကျေးရွာဟာ ပန်ဆိုင်း (ကြူကုတ်) နဲ့ မုံးကိုးလမ်းပေါ်မှာ တည်ရှိပြီး ၂ဝ၁၁ ခုနှစ် နောက်ပိုင်း ကတည်းက မြန်မာဘက်ခြမ်းက ဒေသခံတွေနဲ့ တရုတ်နိုင်ငံအကြား နယ်စပ်ပြဿနာ အငြင်းပွားမှုတွေ ရှိနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဖိုင်းကောင်းကျေးရွာနဲ့ နယ်စပ်တလျှောက်မှာ တရုတ်ဘက်က ငါးကန်တွေတူးပြီး ငါးမွေးမြူရေးလုပ်နေပါတယ်။ မြန်မာဘက်က တောင်သူတွေကတော့ စပါးနဲ့ပြောင်းကို အဓိက စိုက်ပျိုးနေကြပြီး တစ်ခါတရံမှာ နယ်စပ်မျဉ်းပေါ် ကျနေတဲ့ စိုက်ပျိုးမြေကိစ္စအတွက် အငြင်းပွားတာတွေ ရှိတယ်လို့ ဆိုပါတယ်။

နယ်စပ်မျဉ်းတလျှောက်မှာ ဒီလို ပိုင်နက်အငြင်းပွားနေရတဲ့ နေရာ အများအပြားရှိနေပြီး မကြာခဏဆိုသလို ပြဿနာ ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။