NLD ပါတီ ရပ်တည်ခွင့်အမှု သံတမန်များ စိတ်ဝင်စား
2011.01.25

လာရောက် တွေ့ဆုံသူမှာ အကြီးတန်း သံအရာရှိတဦး ဖြစ်တဲ့ Ms. Ruth Steward ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။
“အော်ဇီက သံမှူးတယောက် လာတွေ့ပါတယ်။ ရုံးမှာပါ၊ ကျွန်တော်တို့ ဦးတင်ဦးနဲ့ ဦးဝင်းတင်ကို လာတွေ့တာ၊ ကျွန်တော်နဲ့ ဦးဝင်းထိန်နဲ့လည်း ရှိပါတယ်။ ဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ အစုံပါပဲ၊ ဒါပေမဲ့ သူက အဓိကကတော့ NLD မနေ့ကတုန်းက ရုံးကိစ္စပေါ့ဗျာ၊ အဲဒီ ရုံးကိစ္စကို နည်းနည်း စိတ်ဝင်စားပုံ ရပါတယ်။”
လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ အန်အယ်ဒီရဲ့ သဘောထားတွေကို သိရှိလိုတဲ့ အတွက် လာရောက် ဆွေးနွေး မေးမြန်းတာလို့ ဆိုပါတယ်။ အဓိက အနေနဲ့ ဗဟိုတရားရုံးမှာ အန်အယ်ဒီ ပါတီရဲ့ တရားဝင် ရပ်တည်မှုဆိုင်ရာ အမှုကိစ္စကို အထူး စိတ်ဝင်စားပုံ ရတယ်လို့ သိရပါတယ်။
ညနေပိုင်းမှာတော့ ဗန်ကောက်မြို့က ရောက်လာတဲ့ ထိုင်းနိုင်ငံဆိုင်ရာ နယ်သာလန် သံအမတ်ကြီးနဲ့ ဇနီးကို ဒေါ်အောင်ဆန်းစုကြည်က နေအိမ်မှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။
အလားတူ ဒီကနေ့ အန်အယ်ဒီ ရုံးချုပ်မှာ နိုင်ငံရေး အကျဉ်းသားတွေကို တဦးချင်း တာဝန်ယူရေးအတွက် မဲနှိုက်တာကို ဆက်လက် လုပ်ဆောင်လျက် ရှိပါတယ်။ အခုချိန်ထိ နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော်လောက်အတွက် တာဝန်ယူမဲ့သူတွေ ရရှိထားပြီး ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။