အမျိုးသားပညာရေး ဥပဒေကြမ်းကိစ္စ အရေးပေါ် အစည်းအဝေးကျင်းပဖို့ စီစဉ်


2014.10.11
dagon-students-protest-education-bill-305.jpg ရန်ကုန်မြို့က တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ စုပေါင်းပြီး အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ပယ်ဖျက်ပြီး အသစ်ပြန်လည်ရေးဆွဲပေးဖို့ စက်တင်ဘာလ ၂ ရက်နေ့က ဒဂုံတက္ကသိုလ်ထဲမှာ လမ်းလျှောက်ဆန္ဒပြစဉ်
Photo: Kyaw Zaw Win , Kyaw Lwin Oo / RFA

ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဌာန်းထားတဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်းအပေါ် ကျောင်းသား ထုတစ်ရပ်လုံးရဲ့ သဘောထားကို ထုတ်ပြန်နိုင်ဖို့ အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကိုကျင်းပဖို့ စီစဉ်နေကြောင်း ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ က ပြောပါတယ်။

အခုကျင်းပမယ့် အစည်းအဝေးဟာ ကျောင်းသားထု တစ်ရပ်လုံးကို ကိုယ်စားပြုမှာဖြစ်တယ်လို့ ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဇေယျာလွင်က ပြောပါတယ်။

"ပညာရေးဥပဒေကို ကျနော်တို့ ကျောင်းသား အားလုံးရဲ့ ဆန္ဒနဲ့အညီ ပြင်မှာလား ဒါမှမဟုတ် ဖျက်သိမ်းမှာလား၊ ဖျက်သိမ်းမယ်ဆိုရင် ကျနော်တို့ ဖျက်သိမ်းတဲ့ လမ်းကြောင်းအတိုင်း ကြိုးစားမယ် ၊ ပြင်မယ်ဆိုရင် ကျနော်တို့ ပြင်ဆင်တဲ့လမ်းကြောင်း အတိုင်း ကျနော်တို့ ကြိုးစားသွားမယ်၊ ပြင်မယ်ဆိုရင် ပြင်ဆင်ဖို့အတွက် ကျနော်တို့ အချက်အလက်ရှာတာတွေ လုပ်မယ်၊ ဒါသည် ကျောင်းသားထုရဲ့ တကယ်စစ်မှန်တဲ့အသံဖြစ်လာမှာအတွက် တိုင်းပြည်ရဲ့ အမျိုးသားပညာရေး ဥပဒေအပေါ်မှာတေ့ာ အများကြီးသက်ရောက်မှုရှိမယ်"

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးကို နိုင်ငံရေးပါတီတွေ၊ ပညာရပ်ဆိုင်ရာ ပညာရှင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသား ပါတီတွေကိုပါ ဖိတ်ကြားဖို့ စီစဉ်နေကြောင်းလည်း သူကပြောပါတယ်။

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ ပူးပေါင်းပြီး လာမယ့် နိုဝင်ဘာလ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေမှာ ကျင်းပဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ပြည်ထောင်စု လွှတ်တော်က အမျိုးသားပညာရေး ဥပဒေမူကြမ်းကို အတည်ပြုပြဌာန်းပြီးချိန်ကစလို့ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီတိုင်းက ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေဟာ သက်ဆိုင်ရာ တက္ကသိုလ်အသီးအသီးမှာ ကန့်ကွက်ဆန္ဒပြနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။