အထည်ချုပ်စက်ရုံ လုပ်သား ၃၀၀ နစ်နာကြေးပေးပြီး ထုတ်ပယ်
2015.09.25

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် ၂ မှာရှိတဲ့ ဧရာဝတီ ဆန်နီအထည်ချုပ်စက်ရုံက အလုပ်သမား ၃၀၀ ကျော်ကို စက်ရုံတာဝန်ရှိသူတွေက လုပ်သက်အလိုက် နစ်နာကြေးတွေပေးပြီး အလုပ်ကနေ ထုတ်ပယ်လိုက်ပါတယ်။
ကြိုတင်အသိမပေးဘဲ အပ်ထည်မရတော့လို့ဆိုပြီးတော့ မနေ့က စက်ရုံကို ပိတ်လိုက်ပြီး အလုပ်သမား ၃ဝဝ ကျော် ကို နစ်နာကြေးတွေ ထုတ်ပေးတာဖြစ်တယ်လို့ အဲဒီစက်ရုံက အမည်မဖော်လိုတဲ့ အလုပ်သမတစ်ဦးက ပြော ပါတယ်။
"ဒီနေ့မှာ သူတို့က ၁ဝ နာရီလောက်မှ ကြေညာတယ်၊ အော်ဒါမရှိတဲ့အတွက်ကြောင့် စက်ရုံပိတ်လိုက် တယ်ပေါ့၊ အော်ဒါတကယ်လို့ရမယ်ဆိုရင်တော့ သူတို့ပြန်လည်ပတ်မယ်ပေါ့၊ ဖြစ်နိုင်မယ်ဆိုရင် ဒီအလုပ်မှာ လူဟောင်းတွေနဲ့ ပြန်လုပ်ချင်တာလေ၊ ဒီလိုလျော်ကြေးယူပြီး ထွက်သွားပြီဆိုရင် တခြားစက်ရုံမှာ လူသစ် လည်းပြန်ဖြစ်သွားမယ်၊ အဓိကကတော့ လစာအနေအထားအရရော အလုပ်ရှာရတာရော အရမ်းအခက် အခဲဖြစ်တဲ့အတွက် ကျမတို့ကတော့မထွက်ချင်ဘူး"
နစ်နာကြေးပေးတာကို လက်မခံတဲ့ အလုပ်သမား ၁၀၀ ကျော်ရှိတဲ့အတွက် အဲဒီအလုပ်သမားတွေကို နောက်နေ့မှာ နစ်နာကြေးထုတ်ပေးမှာ မဟုတ်ဘူးလို့လည်း ပြောကြောင်းလည်း သိရပါတယ်။
အဲဒီ့စက်ရုံလည်ပတ်နေတာ လေးနှစ်နီးပါးရှိပြီဖြစ်ပြီး အလုပ်သမားတွေကို နစ်နာကြေးပေးတဲ့အခါ လုပ်သက် ၆ လကနေ ၁နှစ်အထိကို နစ်နာကြေးအဖြစ် လစာတဝက်စာ၊ ၁ နှစ်ကနေ ၂ နှစ်အထိရှိတဲ့ အလုပ်သမားတွေကို တစ်လစာနဲ့ ၂ နှစ်ကနေ ၃ နှစ်အထိကို ၁လခွဲစာ၊ ၃ နှစ်ကနေ ၄ နှစ်အထိကို ၃ လစာပေးခဲ့တယ် လို့ သိရပါတယ်။
ဧရာဝတီဆန်နီ အထည်ချုပ်စက်ရုံက ဂျပန်နဲ့ တရုတ်နိုင်ငံကို အထည်တွေ အဓိကတင်ပို့တာဖြစ်ပြီး အဲဒီစက်ရုံနာမည်နဲ့ ရွှေပြည်သာနဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ နောက်ထပ် စက်ရုံ ၂ရုံရှိတယ်လို့ သိရပါတယ်။