အသိမ်းခံလယ်မြေများမှာ လယ်သမားများ တိုင်ဝင်စိုက်
2014.06.17
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မှာ ဗဟိုသမဝါယမသင်တန်းကျောင်း ဖွင့်ဖို့ဆိုပြီး အသိမ်းခံထားရတဲ့ လယ်ယာမြေနဲ့ ဥယျာဉ်ခြံမြေ ဧကစုစုပေါင်း ၄၀၀ ကျော်ထဲက ရာနဲ့ချီတဲ့ မြေနေရာတွေမှာ လယ်သမားတွေက သူတို့ပိုင်ဆိုင်ကြောင်း ဖော်ပြတဲ့အနေနဲ့ ဒီနေ့ တိုင်တွေစိုက်ထူလိုက်ကြပါတယ်။
ဒီနေ့ မြေနေရာ ပိုင်ဆိုင်ကြောင်းဖော်ပြဖို့ တိုင်တွေစိုက်ထူခဲ့သူ လယ်သမားတွေထဲက စံပြကျေးရွာက လယ်သမား ဦးစန်းမောင်က အခုလိုပြောပါတယ်။
"ကိုယ့်လယ်တွေကို ပြန်ရဖို့ ကျနော်တို့ ပိုင်ဆိုင်တဲ့ နယ်သက်မှတ်ပြီးတော့ အရင်တုန်းက လယ်သမားတွေ ပိုင်ခဲ့တဲ့ လယ်မြေ၊ ခြံသမားတွေ ပိုင်ခဲ့တဲ့ နယ်မြေ အရင်တုန်းက ဗဟိုသမဝါယမ သင်တန်းကျောင်း အဲ့ဒီ ဧရိယာပုံသေချက်ကို ဧရိယာသက်မှတ်ပြီး တိုင်းပြီးတိုင်တွေစိုက်တယ်ဗျာ၊ အလံတွေထူတယ်ဗျာ"
လွန်ခဲ့တဲ့ ၁၉၈၀ ခုနှစ်က ဗဟိုသမဝါယမသင်တန်းကျောင်းဖွင့်လှစ်ဖို့ဆိုပြီး သမဝါယမဝန်ကြီးဌာနက လှည်းကူးမြို့နယ် နတ်စင်၊ မင်းကုန်းနဲ့ စံပြကျေးရွာတွေက လယ်မြေဧက ၁၀၀ ကျော်နဲ့ ဥယျာဉ်ခြံမြေ ဧက ၃၀၀ကျော်ကို လျော်ကြေးမပေး ပဲ သိမ်းယူခဲ့တာလို့ လယ်သမားတွေက ပြောပါတယ်။
အဲ့ဒီလိုသိမ်းယူပြီးနောက်ပိုင်း ဗဟိုသမဝါယမကောလိပ် ဖွင့်လှစ်ထားပြီး ကျန်တဲ့မြေတွေမှာ လယ်သမားတွေ က ပြန်လည်လုပ်ကိုင်လိုတာကြောင့် နေရာတွေ သတ်မှတ်လိုက်တာလို့လည်း သိရပါတယ်။
လယ်သမားတွေနဲ့အတူ လှည်းကူးမြို့နယ် လယ်သမားနဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေလည်း ဒီနေ့ ပူးပေါင်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။