တိုင်းနဲ့ ပြည်နယ် လွှတ်တော်တွေကနေ ဝန်ကြီးချုပ် ခန့်အပ်နိုင်ရေး လိုလားတယ်လို့ ကာချုပ် ပြော

2020.10.16
minaunghlaing-622.JPG တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၀ အောက်တိုဘာ ၁၅ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့

တပ်မတော်အနေနဲ့ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေကနေ ဝန်ကြီးချုပ်တွေကို ရွေးချယ်ခန့် ထားနိုင်ဖို့ လိုလားတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

ဒေသအကျိုးကို ပိုမိုအကောင်အထည်ဖော်နိုင်ဖို့ တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေက ဝန်ကြီးချုပ်ခန့်အပ်ဖို့ လိုလားတာလို့ ကာကွယ်ရေးဦးစီးချုပ်က အောက်တိုဘာလ ၁၅ ရက်နေ့ မနေ့က ကျရောက်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ၅ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ပြောခဲ့တာပါ။

အခြေခံဥပဒေမှာ ပြင်ဆင်သင့်တာကိုပြင်ဆင်ပြီး တိုင်းရင်းသားတွေရဲ့ ကိုယ်စားပြုမှုကို ကျယ်ကျယ်ပြန့်ပြန့်ရရှိဖို့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ သူက တိုက်တွန်းလိုက်ပါတယ်။

ပြည်သူလူထုက ဒီမိုကရေစီစနစ်အရ ရွေးချယ်တင်မြှောက်တာကို လက်ခံရမှာဖြစ်ပြီး၊ နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြု ပါဝင်ဖို့လိုကြောင်း၊ အချိုးကျ ကိုယ်စားပြု စနစ်ကို ပြောင်းလဲကျင့်သုံးခြင်းအားဖြင့် တိုင်းရင်းသားတွေ ဥပဒေပြုလွှတ်တော်မှာ ပိုမိုပါဝင်လာပြီး ပြောရေး ဆိုခွင့် ရလာမယ်လို့ ခံယူကြောင်း ပြောပါတယ်။

ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့လိုတယ်လို့လည်း ထည့်သွင်းပြောခဲ့ပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးပြောကြားရာမှာတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနောက် ၅ နှစ်တာကာလအတွင်း ထိထိရောက်ရောက် တိုးတက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

လေးနှစ်တာကာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံးတို့ လက်မှတ်ထိုးနိုင်ခဲ့တာနဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းတွေကို သဘောတူနိုင်ခဲ့တာသာ ရှိတယ်လို့ ပြောပါတယ်။

NCA ရဲ့ အခြေခံမူတွေထဲမှာ လက်နက်ကိုင်ပဋိပက္ခအဆုံးသတ်ဖို့ စစ်ရေးနည်းနဲ့အဖြေမရှာဘဲ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပြီး တန်းတူရည်တူအခွင့်အရေးရမယ့် ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ သဘာတူထားတယ်လို့ ထည့်သွင်းပြောပါတယ်။

လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ လက်မှတ်ရေးထိုးဖို့နဲ့ တပ်မတော်အနေနဲ့ ဒို့တာဝန်အရေး (၃) ပါး မူဘောင်ကလည်း မလွတ်ကင်း၊ NCA လမ်းကြောင်းကလည်း မသွေဖည်ဘဲ ငြိမ်းချမ်းရေး ကို အကောင်အထည်ဖော်မယ်လို့ ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။